လီဗာပူးနှင့် ဂိုးမရှိသရေရလဒ်ကို စိတ်ပျက်ဟု မက်ဂွဲယားနှင့်ဆိုးရှားလ် ပြော

လီဗာပူးနဲ့ပွဲရလဒ်ဟာ ယူနိုက်တက်အသင်းကို စိတ်ပျက်စေခဲ့တယ်လို့ အသင်းခေါင်းဆောင် ဂယ်ရီမက်ဂွိုင်းယားနဲ့ ဆိုးရှားလ်တို့ ပြောပါတယ်။ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အမှတ်ပေးဇယားထိပ်ကအသင်း ၂ သင်းပွဲစဉ်ဟာ ပွဲ မစခင် ကြိုတင်မျှော်လင့်ထားသလို မဖြစ်ခဲ့ဘဲ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်မရရှိခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ လက်ရှိချန်ပီယံကို ၆ မှတ်ဖြတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။  တနင်္ဂနွေနေ့ပွဲမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုပိုသာခဲ့ပြီး ယူနိုက်တက်ဘက်က တန်ပြန်တိုက်စစ်ကို အဓိကအားပြုကစားခဲ့ပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်၊ ဆာလတ်၊ ဖာမီနိုတို့လို ၂ သင်းစလုံးရဲ့ အဓိကကစားသမားတွေ ပုံမှန်စွမ်းဆောင်ရည်အောက် ရောက်ရှိနေတာကြောင့် အခွင့်အရေး ကြီးကြီးမားမားတော့ မရရှိခဲ့ကြပါဘူး။ ဒီပွဲမှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ရဲ့ ဂိုးရလုနီးပါး ကန်သွင်းချက်တွေကို လီဗာပူး ဂိုးသမား အလီဆွန်က ကာကွယ်သွားနိုင်ခဲ့ပြီး ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့အတွဲကလည်း ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံးထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။  ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ သရေထက် အနိုင် ၃ မှတ်ကို ဦးတည်ခဲ့တယ်လို့ မက်ဂွဲယားက ပြောဆိုခဲ့ပြီး အစဉ်အလာပြိုင်ဘက်နဲ့ပွဲစဉ်မှာ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် ကျဆင်းနေခြင်းအပေါ်  စိတ်ပျက်မိတယ်လို့ မက်ဂွဲယားက ပြောပါယ်။ “ပထမပိုင်းမှာ သူတို့က ကျနော်တို့ထက်ပိုကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့လည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့ အကောင်းဆုံးအခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကျနော်တို့ အခွင့်ကောင်း ၂ ခု၊ ကာကွယ်မှုကောင်း ၂ ခုလည်း ရှိခဲ့ပါတယ်။ လီဗာပူးဘက်မှာ ဦးစားပေးနောက်ခံလူတွေ ပါဝင်နိုင်တာက ပြောစရာရှိနေပေမယ့် သူတို့တွေ ဒဏ်ရာရခဲ့ပြီးနောက်မှာ လီဗာပူးဟာ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းတွေကို ပိုင်ဆိုင်ထားခဲ့တာပါ။ ဒီပွဲကို ကျနော်တို့ အနိုင်လိုချင်ခဲ့တာပါ။ ဒါကို ဒုတိယပိုင်းမှာ မြင်နိုင်ပါတယ်။ ကျနော်တို့ ၃ မှတ် လိုချင်ခဲ့တာပါ။ ရလဒ်ကြောင့် အနည်းငယ်စိတ်ပျက်မိပါတယ်။ ဒါဟာ ခက်ခဲတဲ့ အခြေအနေတခုပါ။ အခုလက်ရှိ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် မြင်တွေ့နိုင်ပါတယ်။”  မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတဲ့ လီဗာပူးအသင်းကို အနိုင်မယူနိုင်ခဲ့အတွက် စိတ်ပျက်မိသလို ယူနိုက်တက်အသင်းအနေနဲ့ အနိုင် ၃ မှတ်ရဖို့အတွက်တော့ လုံလောက်တဲ့ စွမ်းဆောင်ရည်မရခဲ့ကြောင်း၊  လီဗာပူးနဲ့ နောက်တစ်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အခုပွဲစဉ်က ရမှတ်တစ်မှတ်က အဆင်ပြေကြောင်း ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောပါတယ်။  အထူးသဖြင့် ပထမပိုင်း ကစားပုံကို ဆိုးလ်ရှားက အပြစ်တင်သွားခဲ့ပြီး  အဲဒီထက်ပိုကောင်းတဲ့ ကစားပုံပြသနိုင်သေးတယ်လို့ သုံးသပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ပွဲ ရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ ဒုတိယနေရာက လက်စတာအသင်း နဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေပါတယ်။

//
More News
Up