ကိုဗစ်-၁၉ လူနာသစ် ၄၄၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၃ ဦးထပ်တိုး
DVB
·
January 17, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၄၄၉ ယောက်ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၃ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၁၃ ယောက်အနက် ၁၂ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇,၆၅၆ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၄၄၉ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၅၈၂ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၃၄ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၄၈ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၂၇၈ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၄,၃၁၈ ယောက်၊ သေဆုံးသူ ၂,၉၅၅ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၇,၆၆၃ အယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၅ သန်းကျော်၊ သေဆုံးသူ ၂ သန်းကျော်၊ ရောက်ဂါသက်သာပျောက်ကင်းသူ ၆၇ ဒသမ ၈ သန်းကျော်ရှိလို့ သိရပါတယ်။
ဝေဘာဂီအထူးကုဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ အထူး ကြပ်မတ်ကုသဆောင်(ICU)