လားရှိုးတွင် ကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
January 17, 2021
ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှာ မနေ့က ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က လားရှိုးမြို့နယ်၊ နောင်လိုင်ကျေးရွာအနီး၊ လားရှိုး-နမ္မတူ သွား ကားလမ်းမှာ အိုက်မာန် မောင်းလာတဲ့ FORLAND အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စိစစ်ရာက မူးယစ်ဆေးတွေ ဖမ်းမိခဲ့တာပါ။
ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်မှာ အံဝှက်ပြုလုပ်ထားပြီး ထည့်သွင်း သယ်ဆောင်လာတဲ့ ဘိန်းဖြူအလေးချိန် ၁၆.၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး အိုက်မာန် ၂၅ နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ ဘိန်းဖြူတွေဟာ လားရှိုးမြို့နယ်ကနေ မန်တုံမြို့နယ်ကို သယ်ဆောင်ပြီး မန်တုံ-မိုးမိတ်-ကချင်ပြည်နယ်ကို ရောင်းချမယ်လို့ သိရပါတယ်။