A d v e r t i s e m e n t With Us

ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို နီပေါ တောင်တက်သမားများ အောင်မြင်စွာ တက်ရောက်နိုင်

နီပေါနိုင်ငံက တောင်တက်သမား အုပ်စုဟာ ဇန်နဝါရီ ၁၆ ရက်မှာ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ဖြစ်တဲ့ ကေတူးတောင်ထိပ်ကို ဆောင်းရာသီမှာ အောင်အောင်မြင်မြင် တက်နိုင်တဲ့ ပထမဆုံး တောင်တက်သမားတွေ ဖြစ်လာပါတယ်။ တောင်တက်လမ်းပြ ၁၀ ယောက် ပါတဲ့ အုပ်စုဟာ ကမ္ဘာ့စံချိန်သမိုင်းစာအုပ်ထဲမှာ အတူ စာရင်းသွင်းခံဖို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၆ မိနစ်မှာ တောင်ထိပ်ကို မတက်ခင် မီတာ ၇၀ အကွာက ပွိုင့်စခန်းမှာ တယောက်ကို တယောက်စောင့်ပြီးမှ အတူတက်ခဲ့တာပါ။ ပါကစ္စတန်နဲ့ တရုတ်နယ်စပ်မှာ ရှိတဲ့ ကေတူးတောင်ဟာ ပေပေါင်း ၂၈,၂၅၁ ပေ၊ ဒါမှမဟုတ် ၈၆၁၁ မီတာ မြင့်ပြီး အရင်က ဆောင်းရာသီမှာ မတက်ရသေးတဲ့ တခုတည်းသော တောင်လည်း ဖြစ်ပါတယ်။ အရင်ကလည်း အဖွဲ့ပေါင်းစုံက တောင်တက်သမား ၄၉ ယောက်ဟာ ကေတူး တောင်ထိပ်ကို ရောက်အောင် တက်ဖို့ ကြိုးစားခဲ့ကြပေမယ့် ရာသီဥတု ဆိုးရွားလို့ မတက်နိုင်ခဲ့ကြပါဘူး။ နာမည်ကျော် စပိန် တောင်တက်သမား ဆာဂီယိုမင်ဂိုတေဟာ တောင်ခြေစခန်းကို ပြန်လာဖို့ ကြိုးစားချိန်မှာ အက်ကွဲကြောင်း အနက်ကြီးထဲ ပြုတ်ကျ သေဆုံးခဲ့လို့ ကေတူးတောင်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါသေးတယ်။ အခု နီပေါ တောင်တက်လမ်းပြအုပ်စုရဲ့ အောင်မြင်မှုဟာ စပိန် တောင်တက်သမားရဲ့ သတင်းကြောင့် တုန်လှုပ်ချောက်ချားမှုကို အဆုံးသတ်စေခဲ့တယ်လို့ စပိန် ကျန်းမာရေးဝန်ကြီး ဆယ်လ်ဗာဒိုအီလာက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။ အသက် ၄၉ နှစ်အရွယ်မှာ သေဆုံးခဲ့တဲ့ မင်ဂိုတေဟာ မီတာ ၈,၀၀၀ ကျော်တဲ့ တောင် ၇ လုံးကို အောက်ဆီဂျင် အထောက်အကူပြုပစ္စည်း မပါဘဲ ၂ နှစ်အတွင်း အောင်အောင်မြင်မြင် တက်ခဲ့သူလည်း ဖြစ်ပါတယ်။ ကေတူးတောင်ဟာ မတ်စောက်တဲ့ ဆင်ခြေလျှောတွေနဲ့ လေပြင်းတွေအပြင် ဆောင်းရာသီမှာ တောင်မျက်နှာပြင်က ရေခဲချပ်တွေ ဖြစ်ကုန်လို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ၂၀၁၈ မှာ တောင်တက်သမား ၃၆၇ ယောက်က တောင်တက်ဖို့ ကြိုးစားခဲ့ပြီး ၈၆ ယောက် သေဆုံးပါတယ်။ ဒါကြောင့် ပါကစ္စတန် စစ်တပ်က ရဟတ်ယာဉ်တွေ သုံးပြီး ကယ်ဆယ်ရေး တောင်တက်သမားတွေကို ပုံမှန်ခေါ်ရလေ့ရှိတဲ့အပြင် ရာသီဥတုကလည်း အခက်အခဲတွေကို ပေးပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ကာရာကိုရမ်တောင်တန်းတွေနဲ့ ပါကစ္စတန်နိုင်ငံမှာ နွေရာသီအစဉ်အလာ တောင်တက်ရာသီအတွင်း ခရီးသွားလုပ်ငန်းကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာပါ။ ဒီဒေသဟာ အမြင့် မီတာ ၈,၀၀၀ ကျော်တဲ့ ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးအနက် ၅ လုံး ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up