မြန်မာ့ရုပ်သံ ဒီဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်မည်

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနဟာ ထုတ်လွှင့် နေတဲ့ ရုပ်သံလိုင်း ၅ လိုင်းကို လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး Analogue စနစ်ကနေ Digital စနစ်နဲ့ ပြောင်းလဲထုတ်လွှင့်သွားမယ့်အကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာ ပါတယ်။ အခမဲ့ ရုပ်သံလိုင်းတွေဖြစ်တဲ့အတွက် ဒီဂျစ်တယ် Tuner ပါတဲ့ ဘယ်တီဗွီကမဆို ဖမ်းယူ ကြည့်ရှုနိုင်ပြီး အနာလော့ဂ်စနစ် ရုပ်မြင်သံကြားပိုင်တဲ့လူတွေ ကြည့်ရှုနိုင်ဖို့အတွက်လည်း ပြီးခဲ့တဲ့လက ဒီဂျစ်တယ်ရုပ်သံဖမ်းစက် ၁ သန်း တင်ဒါခေါ်ထားပြီး အဲဒီစက်တွေကိုလည်း ရောင်းချပေးမှာ ဖြစ်ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဟာ မြန်မာ့ရုပ်သံ (MRTV) ၊ မြန်မာအင်တာနေရှင်နယ် (MI)၊ လွှတ်တော်ချန်နယ်၊ တိုင်းရင်းသားချန်နယ်နဲ့ တောင်သူလယ်သမားချန်နယ် ၅ ခုကို ထုတ်လွှင့် နေပြီး ဒီဂျစ်တယ်စနစ်ပြောင်းတဲ့ တချိန်တည်း အနာလော့ဂ်စနစ်နဲ့လည်း ဆက်ပြီး ထုတ်လွှင့်သွား ဦးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

More News
Up