မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)
DVB
·
January 17, 2021
ဖိုးလပြည့် ဆိုတဲ့ ၉ နှစ်အရွယ် ကလေးငယ်လေးဟာ မိသားစု မုန့်ဖက်ထုပ်ရောင်းတဲ့လုပ်ငန်းမှာ ကိုဗစ်-၁၉ ဖြစ်ကတည်းက ဝိုင်းကူရောင်းချပေးနေတာ ၁၀ လနီးပါးရှိလာပြီ ဖြစ်ပါတယ်။
“အစ်မတို့က အစက စံပြဈေးမှာ အစ်မက မုန့်ဖက်ထုပ်ရောင်းတယ်။ သူတို့အဖေက ပန်းရန် လုပ်တယ်။ ကိုဗစ်ဖြစ်တော့ သူတို့အဖေက အလုပ်နားရတယ်။ အစ်မတို့ရောင်းတဲ့ဈေးနားမှာလည်း ကိုဗစ်တွေ့လို့ မရောင်းရဲဘူးလေ။ အဲဒီတော့ ရပ်ကွက်ထဲ ပြန်ရောင်းရတာပေါ့။ အစ်မက အူအတက်ပေါက်လို့ ခွဲစိတ်ထားတဲ့အတွက် စက်ဘီးနင်းရောင်းလို့မရဘူးလေ။ အဲ့တော့ သားလေးကိုပဲ စက်ဘီးနဲ့ ရောင်းခိုင်းရတာပေါ့။ ကလေးလေးငယ်ငယ်လေးနဲ့ ဈေးရောင်းတော့ ဓာတ်ပုံရိုက်တဲ့သူက ရိုက်ကြနဲ့၊ အကုန်လုံးက ချစ်ပြီး အားပေးကြတယ်။ အစ်မကတော့ အိမ်နားတဝိုက်မှာပဲ ရောင်းတာပေါ့။ ပြောရရင် သူ ရောင်းတာက ပိုရောင်းရတာပေါ့” လို့ ကလေးငယ် ဖိုးလပြည့်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
ဖိုးလပြည့်တို့ မိသားစုမှာ မြောက်ဒဂုံမြို့နယ် ၃၃ ရပ်ကွက်၊ သန္တာလမ်းမှာ အိမ်ငှား နေထိုင်ကြပြီး ဖိုးလပြည့် အပါအဝင် မောင်နှမ ၄ ဦးရှိကာ ဖိုးလပြည့်မှာ ဒုတိယမြောက်သား ဖြစ်ပါတယ်။
ကလေးငယ် ဖိုးလပြည့်က “ဈေးရောင်းတာကတော့ သားမှာ အခက်အခဲ မရှိပါဘူး။ တခါတော့ ပိုက်ဆံလုတဲ့သူတွေနဲ့ ကြုံဖူးတယ်။ သားကတော့ မကြောက်ပါဘူး။ သားကို ရပ်ကွက်ထဲက ကူညီကြတယ်။ တချို့ဆို မုန့်ဖက်ထုပ်ဖိုးအပြင် မုန့်ဖိုးတွေပါပေးကြတယ်။ ဖြစ်ချင်တာကတော့ အမေ့ကို အိမ်လေးဝယ်ပေးချင်တယ်” လို့ ပြောပါတယ်။
အခုလက်ရှိအိမ်မှာ ကလေးငယ်ဈေးရောင်းပြီး စုဆောင်းမိထားတဲ့ ငွေနဲ့ ငှားရမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး အိမ်ပိုင်ဝယ်နိုင်ဖို့ ငွေစုနေကြတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
“ကလေးက အမြဲပြောတယ်၊ မေမေ့ကို အိမ်ဝယ်ပေးချင်တယ်ပေါ့။ အရင်ကဆို အစ်မတို့က လိုင်းခန်းတွဲမှာ နေကြရတယ်။ ကိုယ့်သမီးလည်း အပျိုရွယ်လေးဆိုတော့ မလုံခြုံဘူးလေ။ အဲ့တော့ သားလေးရောင်းလို့ရတဲ့ ပိုက်ဆံလေးတွေ ချွေတာစုပြီး ခုလိုအိမ်မျိုးလေး ငှားနိုင်တာ။ ပြီးတော့ သူ့ပိုက်ဆံနဲ့ပဲ ရေခဲသေတ္တာတွေ ဘာတွေ ဝယ်ထားတာပေါ့။ တကယ်အားကိုးရတဲ့သားလေးပါ။ ပိုက်ဆံဆိုလည်း အကုန်အပ်တယ်။”
ဖိုးလပြည့်လေးဟာ တောင်ဥက္ကလာမြို့နယ် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ စတုတ္ထတန်းမှာ ပညာသင်ကြားနေပါတယ်။
အခုကျောင်းတွေပိတ်ထားချိန်မှာ နေ့လယ်ဘက် တစ်ကြိမ်၊ ညဘက်တစ်ကြိမ် မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်တွေမှာ စက်ဘီးတစ်စီးနဲ့ မုန့်ဖက်ထုပ်လှည့်လည်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေကူရှာပေးနေသူ ဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA