A d v e r t i s e m e n t With Us

အင်ဒိုနီးရှားရှိ စေမေရူမီးတောင် ပေါက်ကွဲမှုကြောင့် မီးခိုးတိမ်တိုက်များလွင့်

အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေ အသိပ်သည်းဆုံးကျွန်းဖြစ်တဲ့ ဂျာဗားကျွန်းရဲ့ ကောင်းကင်ထက် ခန့်မှန်းခြေ အမြင့် ၅ ဒသမ ၆ ကီလိုမီတာမှာ စေမရူမီးတောင် ပေါက်ကွဲမှုကြောင့် မီးခိုးတိမ်တိုက်နဲ့ ပြာတွေ လွင့်နေပါတယ်။ အမြင့်ပေ ၁၂,၀၀၀ ကျော်တဲ့ စေမေရူမီးတောင် ပေါက်ကွဲရာက ပြာတွေ၊ မီးခိုးတွေကို ကောင်းကင်ဆီ ပန်းထုတ်နေပေမယ့် ဘေးကင်းရာရွှေ့ဖို့ အမိန့်ကို အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။ သေဆုံး ဒဏ်ရာရသူ အစီရင်ခံမှုလည်း မရှိသေးပါဘူး။ မီးတောင်ရဲ့ တောင်စောင်းမှာနေတဲ့ ဒေသခံ ရွာသားတွေကို မီးတောင်လှုပ်ရှားမှုအတွက် တပ်လှန့်သတိနဲ့ နေဖို့ အမျိုးသားကပ်ဘေးသက်သာရေးအေဂျင်စီ (NDMA) က သတိပေးထားပါတယ်။ ကူရာကိုဘိုခန်မြစ်ဝှမ်းမှာ နေတဲ့ ဒေသခံတွေကတော့ ဒေသတွင်း မိုးကြီးနေလို့ မီးတောင်ပြာတွေနဲ့ ရောပြီး ရွာချတဲ့ မိုးရေကြောင့် ရွှံ့ရေတွေ စီးလာမယ့်ဘေးကို စောင့်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကျောက်လွှာပြတ်ရွေ့ကြီးတွေ စုဆုံရာ နေရာမှာ တည်ရှိလို့ ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှု ထူပြောပါတယ်။ စေမေရူ မီးတောင်ဟာ ဂျာဗားကျွန်းမှာ အမြင့်ဆုံး ဖြစ်ပြီး လှုပ်ရှားမှု အများဆုံး မီးတောင် တွေထဲက တခုလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ရှင် အလုံး ၁၃၀ ကျော် ရှိပြီး လတ်တလောမှာ ဂျာဗားကျွန်းက မေရာပီမီးတောင်နဲ့ စူမားတြားကျွန်းပေါ်က စီနာဘန် မီးတောင်တို့လည်း လှုပ်ရှားနေကြတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ငလျင်လှုပ်အပြီး အကြိမ် အတော်များများ မြေပြိုခဲ့လို့ လူသေဆုံးခဲ့သလို စရီဝိဂျယ ဘိုးရင်း 737 ပျက်ကျလို့ လေယာဉ်ပေါ် ပါသမျှ လူ ၆၇ ယောက်လုံးလည်း သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up