မြို့နယ်အလိုက်ထုတ်ထားသည့် ညမထွက်ရအမိန့် သက်တမ်း ၂ လ ထပ်တိုး
DVB
·
January 17, 2021
မြို့နယ်အလိုက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်တွေကို နောက်ထပ် သက်တမ်း ၂ လ တိုးလိုက်ပါတယ်။
သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်ကနေ မတ် ၁၅ ရက်အထိ သက်တမ်းတိုးလိုက်တာပါ။
လက်ရှိမှာတော့ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကမြို့နယ်တွေမှာ အမိန့်စာထပ်ထုတ်ထားတာကို တွေ့ရပါတယ်။
ဒီအချိန်အတွင်းမှာ အရေးပေါ်ကိစ္စပေါ်ရင်တော့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ ထွက်နိုင်မှာ ဖြစ်ပါတယ်။
ညမထွက်ရအမိန့်တွေကို ပြီးခဲ့တဲ့နှစ် ဧပြီလကစပြီး ထုတ်ခဲ့ကြတာဖြစ်လို့ အခုဆိုရင် အချိန်လျှော့ပေးတာကလွဲလို့ သက်တမ်းထပ်တိုးလာခဲ့တာပါ။
အရင်ကတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ကန့်သတ်ခဲ့ပြီး နောက်ပိုင်းမှာမှ ည ၁၂ နာရီကနေ မနက် ၄ နာရီလို့ ပြောင်းလဲ အမိန့်ထုတ်ခဲ့ကြတာပါ။
ဒီအချိန်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ အပြင်ကြတဲ့သူတွေကိုလည်း ဖမ်းဆီး အရေးယူပြီး ထောင်ဒဏ်ချနေတာလည်း ရှိပါတယ်။ အဲဒီလို ထောင်ချလို့ အကျဉ်းထောင်တွေထဲမှာ ကိုဗစ်-၁၉ ကူးစက်တာတွေ ဖြစ်လာတာ လို့လည်း အကျဉ်းဦးစီးဌာန အရာရှိတယောက်က ပြောဆိုထားပါတယ်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထပ်ပြီး တိုးမြှင့်ထားပါတယ်။