Home
Lead Story
စာချုပ်ဖျက်သိမ်းရန် ကွင်းလယ်လူ အိုဇေးလ်နှင့် အာဆင်နယ်အသင်း သဘောတူညီမူရရှိ
DVB
·
January 17, 2021
အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ဟာ အသင်းနဲ့စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။  ကွင်းလယ်လူ မီဆွတ်အိုဇေးလ်ရဲ့ အာဆင်နယ်အသင်းနဲ့ ၇ နှစ်ခွဲကြာ ကစားသမားဘဝဟာ အခုသီတင်းပတ်ကုန်ပိုင်းမှာတင် စောစောစီးစီး အဆုံးသတ်သွားဖို့ရှိနေပါပြီ။  ကစားသမားဟာ ဖီနာဘာချီအသင်းကို ပြောင်းဖို့ သေချာသလာက် ရှိနေပြီလည်း ဖြစ်ပါတယ်။  အိုဇေးလ်ဟာ အာဆင်နယ်မှာ တစ်ပတ်ပေါင် ၃၅၀,၀၀၀ ရရှိနေသူဖြစ်ပြီး သူ့စာချုပ်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အသင်းနဲ့ အိုဇေးလ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကြား ဒီစာချုပ်ကိုအဆုံးသတ်ဖို့ သဘောတူညီချက်အတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။  ဆွေးနွေးမှုတွေမှာ အခက်အခဲတစ်ခုကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ဒီစာချုပ်ကိုအဆုံးသတ်ဖို့ သဘောတူညီချက် ရရှိခဲ့ကာ အသေးစိတ်အချက်အလက်တွေကိုသာ ရှင်းလင်းရတော့မယ်လို့ Goal သတင်းမှာ အတည်ပြုဖော်ပြထားပါတယ်။ အခြေအနေတွေသာ မျှော်လင့်ထားတဲ့အတိုင်းဖြစ်မယ်ဆိုရင် အိုဇေးလ်ဟာ ဖီနာဘာချီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့ တူရကီကို လာမယ့်ရက်တွေအတွင်း သွားရောက်တော့မယ်လို့ သိရပါတယ်။  ဖီနာဘာချီဟာ အိုဇေးလ်ငယ်ဘဝကတည်းက အားပေးတဲ့ အသင်းလည်း ဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း တူရကီအသင်းဘက်ကတင်ထားတဲ့ တွစ်တာပို့စ်ကို သဲနာရီအီမိုဂျီလေးနဲ့ reply လုပ်ကာ အပြောင်းအရွှေ့သတင်းတွေကို ပိုပြီးသေချာစေခဲ့ပါတယ်။ အခုလအစောပိုင်း မေးမြန်းမှုတခုမှာ အိုဇေးလ်ရဲ့ အေးဂျင့် အာကစ်ဆိုဂတ်က “အိုဇေးလ်က ဖီနာဘာချီဆိုတာကို အားလုံးသိပါတယ်။ သူဟာ ဘောလုံးသမားသက်သက်မဟုတ်ပါဘူး။ သူက ဖီနာဘာချီသားပါ။ တူရကီကိုသာ လာရမယ်ဆိုရင် ဖီနာဘာချီအသင်းအတွက်ပဲ ကစားမယ်လို့ သူအမြဲတမ်းပြောပါတယ်။ ဒါ့ကြောင့် အိုဇေးအနေနဲ့ ဖီနာ ဘာချီကို ဘောလုံးသမားသက်သက်မဟုတ်ဘဲ အသင်းကို ချစ်သူတစ်ယောက်အနေနဲ့ ရောက်လာတာဟာ တကယ်ကို အရေးပါပါတယ်” လို့ ပြောခဲ့ပါတယ်။ အိုဖေးလ်ဟာ ရီးရဲလ်ကနေ အာဆင်နယ်အသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၄၂ သန်းနဲ့ ၂၀၁၃ ခုနှစ်မှာ  ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။  သူ ရောက်လာတဲ့နှစ်မှာပဲ အာဆင်နယ်အသင်းဟာ ၉ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး အက်ဖ်အေဖလားကိုရရှိခဲ့ပါတယ်။  အာဆင်နယ်ဟာ အိုဇေးလ်နဲ့အတူ အက်ဖ်အေဖလား ၄ လုံး ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေကစလို့ အိုဇေးလ်ဟာ အသင်းမှာနေရာ ပျောက်ဆုံးခဲ့ပါတယ်။  အမ်မရီ၊ အာတီတာ စတဲ့နည်းပြတွေဟာ သူ့ကို ပွဲထွက်စာရင်းကနေ ပုံမှန်လိုလိုပဲ ချန်လှပ်ခဲ့ပါတယ်။  ဂျာမနီနဲ့အတူကမ္ဘာ့ဖလားရရှိဖူးတဲ့ အိုဇေးလ်ဟာ မတ်လကစလို့ ပွဲမကန်ရတော့တာဖြစ်ပြီး သူဟာ အဆင်နယ်အသင်းရဲ့ ဒီရာသီပရီးမီးယားလိဂ် ၂၅ ဦး လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024