မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
January 17, 2021
မကွေးမြို့နယ် ဒေါင်းနေကျေးရွာမှာ ဇန်နဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းက တရားမဝင် ဝက်ပေါ်တာကို သွားရောက်ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါင်းနေကျေးရွာမှာ တရားမဝင် ဝက်ပေါ်တဲ့သတင်းရတာကြောင့် စည်ပင်နဲ့ရဲတပ်ဖွဲ့ကို အကူတောင်းပြီး မနက် ၅ နာရီလောက်က သွားရောက်ရှာဖွေရာ မြေပြင်ပေါ်မှာ ပိဿာချိန် ၈၀ လောက်ရှိတဲ့ ဝက်ပေါ်နေတာတွေ့ရပြီး ပိုင်ရှင်ကို ခေါ်ခိုင်းတဲ့အချိန်မှာ ရောက်မလာဘဲ ရွာသားတချို့က ဝိုင်းဝန်းပိတ်ဆို့တာကြောင့် ကား ၃ စီး ထားခဲ့ပြီး ထွက်ပြေးခဲ့ရတယ်လို့ သားသတ်လိုင်စင် လုပ်ငန်းရှင် ဦးအောင်ကိုကိုလင်းက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ၊ စည်ပင်ဝန်ထမ်းတွေ၊ သားသတ်လိုင်စင်လုပ်ငန်းရှင်တွေက ဝက်ပေါ်နေတာကို ဖမ်းဆီးဖို့လုပ်တဲ့အချိန်မှာ ရွာသား ၅၀ လောက်က ဝိုင်းဝန်းပိတ်ဆို့ ဟန့်တားခဲ့တာလို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးထိန်ဝင်းက ပြောပါတယ်။
အဲဒီနေရာကို ခရိုင်ရဲတပ်မှူးဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင် ၂၄ ယောက် ထပ်မံသွားရောက်ခဲ့ပေမဲ့ ပြေလည်မှုမရရှိဘဲ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းဖြေရှင်းတဲ့အတွက် နေ့လယ်ပိုင်းမှာ လူစုကွဲခဲ့တယ်လို့ ဆိုပါတယ်။
တရားဝင် ဝက်ပေါ်တာမျိုးမရှိဘဲ နေအိမ်ထဲ ကျူးကျော်ဝင်ရောက်ပြီး အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်ခဲ့တာကြောင့် အခုလို ရပ်ကွက်က ဝိုင်းဝန်းပိတ်ဆို့ ဟန့်တားခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
ဝင်ရောက်ရှာဖွေခံရတဲ့ အိမ်ရှင် ဒေါ်မြင့်မြင်ခိုင်က “အိပ်ပျော်နေတဲ့အချိန်မှာ အိမ်ပေါ်မှာရှိတဲ့ သေတ္တာကို ဆွဲချပြီး လိုင်စင်သမားတွေက ထုရိုက်သွားလို့ ပိုက်ဆံတွေ ပြန့်ကြဲကုန်တယ်” လို့ ပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ အခြေနေအမှန်ကို သိရှိအောင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေး ခုံရုံးချက်ချင်းဖွဲ့ပြီးတော့ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။