သြစတြေးလျ အိုးပင်းပြိုင်ပွဲကို လေယာဉ်ဖြင့်လာသူများထဲ ၂ ဦးပိုးတွေ့၊ ကစားသမား ၂၂ ဦး ကွာရန်တင်းထားရှိ

308
သြစတြေးလျ အိုးပင်းပြိုင်ပွဲကို စင်းလုံးငှားလေယာဉ်နဲ့ လာရောက်သူတွေထဲက ၂ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ခဲ့တာကြောင့် လေယာဉ်ပေါ် ပါလာတဲ့ ကစားသမား ၂၂ ယောက်နဲ့ အဖွဲ့ဟာ ဇန်နဝါရီ ၁၆ ရက်နေ့က သီတင်းနှစ်ပတ် ဟိုတယ်ကွာရန်တင်း ဝင်လိုက်ရပါတယ်။
လော့စ်အိန်ဂျလိစ်ကနေ လာတဲ့ စင်းလုံးငှားလေယာဉ်ဟာ ဇန်နဝါရီ ၁၅ ရက်က မဲလ်ဘုန်းမှာ ဆင်းသက်ခဲ့ပြီးနောက် ပိုးကူးစက်သူတွေကို တွေ့ခဲ့တာပါ။
လေယာဉ်အမှုထမ်း ၁ ဦးနဲ့ သြစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ပါဝင်တဲ့ ကစားသမား မဟုတ်သူ ၁ ဦးမှာ ပိုးတွေ့ခဲ့ပြီး သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးရုံကို လွှဲပေးခဲ့တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေး ဝန်ထမ်းတွေက ပြောဆိုပါတယ်။
သြစတြေး အိုးပင်းအတွက် ကစားသမားတွေကို တစ်နေ့ ၅ နာရီ ပြင်ပမှာ ထရိန်နင်းဆင်းဖို့ ခွင့်ပြုထားပေမယ့် ကွာရန်တင်းကာလမှာတော့ သူတို့ဟာ အဆောက်အဦတွင်းမှာပဲ လေ့ကျင့်ရေးဆင်းရတော့မှာပါ။
ဒီဆုံးဖြတ်ချက်ဟာ ပြိုင်ပွဲဝင်မယ့် ကစားသမားတွေအဖို့ သာတူညီမျှ မဖြစ်တဲ့ ပြင်ဆင်မှု ဖြစ်လိမ့်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။