ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
နော်နိုရင်း
·
January 16, 2021
ယာဉ်တိုက်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းမှာ ထားရှိတဲ့ အချုပ်သား တစ်ဦးအား RDT Test နဲ့ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့လို့ ဒီးမော့ဆိုမြို့နယ် ရဲတပ်ဖွဲဝင် ၁၅ ဦး ကွာရန်တင်းဝင်နေရပါတယ်။
ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က “ဒီမနက်က အချုပ်သား တွေ့တာ။ ရဲကတော့ ၁၅ ယောက် ကွာရန်တင်းထားရတယ်။ သူတို့ကတော့ home ကွာရန်တင်းပဲထားတာ။ အရာရှိက ရဲအုပ်တယောက် ပါတယ်။ ဒုရဲအုပ်တယောက် ပါတယ်။ ကျန်တာ တပ်သားတွေပဲ” လို့ ပြောပါတယ်။
ရောဂါပိုးတွေ့ရှိသူ အသက် (၃၄) နှစ်အရွယ် အမျိုးသားမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်နေသူဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့က ရှမ်းပြည်နယ် ဆီးဘူးကို ခရီးသွားရာဇဝင်ရှိသူ ဖြစ်တယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းက ဒီးမော့ဆို မြို့နယ်၊ စံပြ (၆) မိုင် ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၂၅/၇ နှင့် ၁၂၆/၀ ကြားမှာ ရောဂါပိုး တွေ့ရှိသူ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ဟာ လမ်းဖြတ်ကူးလာသူ အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့တာပါ။
ဝင်တိုက်ခံရတဲ့ အမျိုးသမီးဟာလည်း မနေ့ည ၈ နာရီကျော်ကပဲ သေဆုံးသွားခဲ့တယ်လို့ အမျိုးသမီးရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဒါကြောင့် ယာဉ်မောင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ ဖမ်းဆီးကာ မြို့မရဲစခန်း အချုပ်မှာ ထိန်းသိမ်းထားပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ RDT Test နဲ့ စစ်ဆေးခဲ့ရာမှာ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ပိုးတွေ့လူနာကို ဒီးမော့ဆို ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်မှာ ထားရှိကာ စောင့်ကြပ်ကြည့်ရှု ကုသပေးနေပြီး လတ်တလော ကျန်းမာရေး အခြေအနေ တည်ငြိမ် ကောင်းမွန်တယ်လို့ သိရပါတယ်။
ပိုးတွေ့ရှိသူနဲ့ ထိတွေ့ခဲ့သူ ၃ ဦးကို ဒီးမော့ဆိုမြို့ စိုက်သိပ္ပံ ကွာရန်တင်းစင်တာမှာ ထားရှိသလို ပိုးတွေ့လူနာရဲမိသားစုဝင် ၃ ဦးကိုလည်း လွိုင်ကော်ပြည်ရေး ကောလိပ်မှာ ကွာရန်တင်း ဝင်စေခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၁၅:၃၀ အချိန်အထိ ကယားပြည်နယ်မှာ ပိုးတွေ့လူနာ စုစုပေါင်း ၁၀၈ ဦးအနက် ဆေးရုံမှာ လက်ရှိကုသမှုခံယူသူ ပိုးတွေ့လူနာ ၂၃ ဦး၊ ဆေးရုံဆင်း စုစုပေါင်း ၈၄ ဦးနဲ့ သေဆုံးလူနာ ၁ ဦး ရှိတယ်လို့ ပြည်နယ်အစိုးရက ထုတ်ထားပါတယ်။