ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
DVB
·
January 16, 2021
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နဲ့ တည်းခိုရိပ်သာ အလုံးပေါင်း ၂၂၀၀ ကျော်ရှိတဲ့ထဲက တဝက်ကျော်ကို ယာယီပိတ်လိုက်ရတယ်လို့ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံမှု ကာလကြာရှည်လာတာနဲ့အမျှ ပြည်တွင်း၊ ပြည်ပ ဧည့်သည်ဝင်ရောက်မှု မရှိလို့ မြန်မာနိုင်ငံမှာ ယာယီပိတ်ထားရတဲ့ ဟိုတယ်အရေအတွက် တဖြည်းဖြည်း များလာပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေ ရရှိတဲ့စာရင်းဇယားအရ မြန်မာနိုင်ငံမှာ တရားဝင် ခွင့်ပြုပေးထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာအလုံးပေါင်း ၂၂၀၀ ကျော်ရှိတဲ့အထဲမှာ ဇန်နဝါရီ ဒုတိယပတ်အထိ ယာယီပိတ်ထားရတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာအလုံးပေါင်း ၁၂၁၀ ကျော်ထိ ရှိနေပါပြီ။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကာလအတွင်း ဟိုတယ်တွေကို ယာယီပိတ်ထားဖို့ တစုံတရာ ညွှန်ကြားထားခြင်းမရှိပေမဲ့ တစ်ချို့နေရာတွေမှာတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေက အခြေအနေအပေါ်မှုတည်ပြီး ယာယီပိတ်ထားဖို့ ညွှန်ကြားထားမျိုးတွေ ရှိခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောပါတယ်။
ကိုဗစ်ကာလကြာရှည်လာတာနဲ့အမျှ ယာယီပိတ်ထားရတဲ့ ဟိုတယ်၊ တည်ခိုခန်းတွေ အခုထက်ပိုမိုများလာနိုင်ပြီး ခရီးသွားကဏ္ဍမှာအလုပ်လက်မဲ့ အရေအတွက်လည်း ပိုများလာနိုင်တယ်လို့ မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးမင်းကျော်ဦးက ပြောပါတယ်။
ကိုဗစ်-၁၉ ဂယက်ကြောင့် ခရီးသွားလုပ်ငန်းဟာ အထိခိုက်ဆုံးလုပ်ငန်းတစ်ခုဖြစ်နေပြီး ဝင်ငွေ၊ အလုပ်အကိုင်ရရှိမှု၊ ဧည့်သည်ဝင်ရောက်မှုနှုန်းက မရှိသလောက်ဖြစ်နေပါတယ်။
လတ်တလော တချို့ဟိုတယ်တွေက ဝန်ထမ်းအရေအတွက်လျှော့ချပြီး ဆက်လက်ဖွင့်လှစ်နေကြသလို ကွာရန်တင်း စင်တာအဖြစ် ဖွင့်လှစ်နေကြတာမျိုးလည်း ရှိနေပါတယ်။
စိုးချစ်ချစ်ပိုင်