မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
DVB
·
January 16, 2021
သာကေတမြို့နယ်က အမျိုးသမီးတယောက်ကို မူးယစ်ဆေးရောင်းတယ်ဆိုတဲ့ သတင်းအရ ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာတွေမှာ ရေးသားနေကြတာကြောင့် အလေးထား စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သာကေတမြို့နယ်၊ ၂/တောင်ရပ်ကွက်၊ မာန်ပြေလမ်းမှာ နေတဲ့ ဒေါ်လှလှဌေးရဲ့ အိမ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က သူတို့ရဲ့ ကြွေးရှင်က ကြွေးလာတောင်းခံရပြီး မကြာခင်မှာပဲ ရဲတပ်ဖွဲ့က လာရောက် ရှာဖွေပြီး မူးယစ်ဆေး အပြား ၂၀ တွေ့ခဲ့တာပါ။
ရဲတပ်ဖွဲ့ကတော့ အဲဒီနေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို သတင်းပေး အမျိုးသမီးတယောက် ရောက်လာပြီး ဒေါ်လှလှဌေးရဲ့ အိမ်မှာ မူးယစ်ဆေးဝါးရောင်းချနေတာကြောင့် လိုက်လံဖမ်းဆီးဆေးပေးဖို့ သတင်းပေးချက်အရ ခရိုင်ရုံးက တပ်ဖွဲ့ဝင်တွေက ဥပဒေနဲ့အညီ မူးယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့်ဝရမ်း၊ သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
နေအိမ်ရှေ့ခေါင်မိုးထုပ်တန်းကြားထဲမှာ စီးကရက်ဘူးနဲ့ ထည့်ထားတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၀ တွေ့လို့ အိမ်ရှင် အမျိုးသမီးကို အမှုဖွင့်ထားတာဖြစ်ပြီး သတင်းပေးသူရှိလို့ မူးယစ်ဆေးဝါးကိစ္စ ခြွင်းချက်မထားရဆိုတဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ခဲ့တာလို့လည်း ဆိုပါတယ်။
အခုတော့ မီဒီယာတွေမှာ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးပစ်ဖမ်းသယောင်ယောင် ရေးသားနေကြတာကြောင့် အလေးထား စုံစမ်းစစ်ဆေးနေသလို အမှုဖြစ်စဉ်မှာ ရတဲ့ သတင်းနဲ့ ပတ်သက်လို့ သံသယဖြစ်စရာအချက်တွေ တွေ့ရတာကြောင့် ဆက်စပ်နေတဲ့ သက်သေတွေကို စစ်ဆေးပြီး အမှုမှန်ပေါ်ပေါက်အောင်လုပ်မယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်လှလှဌေးရဲ့ အိမ်ကို သွားရောက်တွေ့ဆုံ အားပေးခဲ့သလို ငွေကြေးလည်း ထောက်ပံ့ခဲ့ပါတယ်။