Homeမြန်မာသတင်း
ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံက ဆရာဝန်အပါအဝင် ၅ ဦး ကိုဗစ်ကူးခံရသဖြင့် လူနာသစ်ကုသမှု ယာယီရပ်
ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံက ဆရာဝန်အပါအဝင် ၅ ဦး ကိုဗစ်ကူးခံရသဖြင့် လူနာသစ်ကုသမှု ယာယီရပ်
DVB
·
January 16, 2021
ချင်းပြည်နယ် ဖလမ်းခရိုင် ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း ဆရာဝန် ၁ ဦး အပါအဝင် ၅ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ဆေးရုံတက်လူနာအသစ်ကုသမှုတွေကို ယာယီရပ်နားလိုက်ရပါတယ်။
ပိုးတွေ့ရှိခဲ့တဲ့ ပထမလူနာ ၁ ဦးဟာ ကိုဗစ်ရောဂါပိုးလက္ခဏာတွေ ပြသလာတာကြောင့် ဇန်နဝါရီလ ၁၄ ရက်နေ့က Swab ယူပြီး စစ်ဆေးရာမှာ ဇန်နဝါရီ ၁၅ ရက်နေ့က တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန်အပါအဝင် ၃ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။
ဇန်နဝါရီ ၁၆ ရက်နေ့မှာလည်း ဆေးရုံက ဝန်ထမ်းတစ်ဦးနဲ့ အပြင်က တခြားထိတွေ့သူ တစ်ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ကိုယ်တိုင် ရောဂါကူးစက်ခံရတဲ့ တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာစန်းမာက "လူနာ ၅ ဦးလုံးက ခရီးသွားရာဇဝင်မရှိဘူး။ ပထမလူနာက ဖျားတာတွေ၊ အနံ့ပျောက်လာတာတွေကြောင့် Home Quarantine ထားပြီး စစ်ကြည့်တော့ Positive လာထွက်တယ်။ သူနာပြုဆရာမဖြစ်တဲ့ သူ့ရဲ့ကောင်မလေးကို စစ်ကြည့်လိုက်တော့လည်း လာတွေ့ရတယ်။ ဒါနဲ့ စိတ်ချရအောင်ဆိုပြီး ကျနော်လည်း Swab ယူပြီး စစ်ဆေးကြည့်လိုက်တော့မှ Positive လာထွက်တာ။ အဒါကြောင့် ဆေးရုံဝန်ထမ်းမိသားစုတွေကိုလည်း ဆေးရုံမှာ စုခေါ်ထားပြီး သူတို့ကိုပါ စစ်ဆေးရမှာ။ ဒါကြောင့် ကိုဗစ်ကူးစက်မှုက စစ်ဆေးဖို့ အရေးကြီးတဲ့ အနေအထားဖြစ်နေတဲ့အတွက် တခြားပြင်ပလူနာတွေကို ဘေးကင်းစေဖို့ လူနာသစ်ကုသမှုကို ယာယီရပ်နားထားရတာပါ" လို့ ဒေါက်တာစန်းမာက ပြောပါတယ်။
အခု ကိုဗစ်ပိုးတွေ့ရှိရတဲ့ လူနာ ၅ ဦးထဲမှာ တာဝန်ခံဆရာဝန် ၁ ဦးနဲ့ တခြားကျန်းမာရေး ဝန်ထမ်း ၂ ဦးတို့ ပါဝင်နေပြီး ပိုးတွေ့ရှိသူအားလုံးကို ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံမှာပဲ ကုသပေးသွားမယ်လို့ သိရပါတယ်။
လောလောဆယ်မှာ ဆေးရုံတက်ရောက်မယ့် လူနာအသစ်တွေကို ကုသမှု ယာယီရပ်နားထားလိုက်ပြီး ဆေးရုံဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေကိုလည်း စစ်ဆေးတာတွေ ပြုလုပ်သွားမယ်လို့ ဆိုရပါတယ်။
ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံမှာ စုစုပေါင်း ဝန်ထမ်း ၁၃ ဦးပြီး ကုသရေးပိုင်းမှာ ဖလမ်းမြို့နယ်ဆေးရုံက တာဝန်ခံဆရာဝန် ၁ ဦးနဲ့ တခြားကျန်းမာရေးဝန်ထမ်းတွေ ထပ်မံရောက်ရှိလာမှာဖြစ်တဲ့အတွက် ဆေးရုံပြန်ဖွင့်ဖို့ကိုတော့ ဆွေးနွေးတိုင်ပင်ကြရဦးမယ်လို့ သိရပါတယ်။
ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာ ၆ ဦးရှိပြီဖြစ်ပြီး ၁ ဦးမှာ ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပါတယ်။
သတင်း - ရန်နိုင်စိုး၊ ဓာတ်ပုံ - ရိခေါ်ဒါရ်ပြန်ဆက်