ချောက်တွင် Gold Petrol ရေနံကုမ္ပဏီက ဝန်ထမ်း ၉ ဦး ကိုဗစ်-၁၉ ပိုး ထပ်တွေ့ရှိ

255
မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ Gold Petrol ကုမ္ပဏီက ဝန်ထမ်း ၉ ဦးမှာ ကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ချောက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက “Gold Petrol ဝန်ထမ်း ဒီဇင်ဘာ ၃ ရက်နေ့က ၁၄ ယောက်တွေ့တာ။ အဲဒီမှာကတည်းက ဝန်ထမ်း ထိစပ် ၂၂ ဦး Q သွင်းထားတာ။ အဲဒီထဲက တစ်ယောက်ကတော့ အနံ့ပျောက်လို့ စစ်လိုက်တော့ ပိုးတွေ့တယ်။ အခု ကျန်တဲ့လူတွေကို PCR စစ်တာ စစ်တဲ့အထဲမှာ Gold Petrol က ၉ ယောက်နဲ့ Q စင်တာက ရန်ကုန်ပြန် ၁ ယောက် Positive ထွက်တာ” လို့ ပြောပါတယ်။
Gold Petrol ကုမ္ပဏီက ရောဂါပိုး တွေ့ရှိသူ ၂၄ ဦးအထိရှိနေပြီး ဇန်နဝါရီ ၁၆ ရက်နေ့ တစ်ရက်အတွင်း ပိုးတွေ့သူ ၁၀ ဦး ဖြစ်တယ်လို့ သိရပါတယ်။
ချောက်မြို့နယ်မှာ ဇန်နဝါရီလအတွင်း ပိုးတွေ့လူနာပေါင်း ၃၇ ဦးအထိ ရှိနေပြီး တမြို့နယ်လုံး ဒီကနေ့အထိ ပိုးတွေ့လူနာပေါင်း ၁၂၅ ဦး ရှိနေပြီဖြစ်ပါတယ်။
Positive Center ပြုလုပ်ထားတဲ့ အမှတ်-၁၀ ရပ်ကွက်၊ မဟာစည်ရိပ်သာမှာ ၁၉ ဦးသာ စောင့်ရှောက်နေပြီး ကျန်လူနာများမှာ သက်သာပျောက်ကင်းသွားပြီလို့ သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)