Live
Home
မြန်မာသတင်း
နျူကလီးယားနှင့် ပတ်သက်သည့်နေရာများကို မြန်မာက စစ်ဆေးခွင့်ပေးမည်
DVB
·
September 17, 2013
မြန်မာနိုင်ငံက နျူကလီးယား နည်းပညာတွေ တိုးတက်အောင် လုပ်ဆောင်တဲ့ နေရာတွေကို ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အဏှမြူစွမ်းအင်ဆိုင်ရာ အေဂျင်စီ စုံစမ်းရေး အရာရှိတွေကို စစ်ဆေးခွင့် ပေးတော့မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အဏှမြူစွမ်းအင်ဆိုင်ရာအေဂျင်စီ (အိုင်အေအီးအေ)က မြန်မာက နျူကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို  လတ်မှတ်ရေးထိုး တော့ မယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့ အထွေထွေ ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ ဒီအတွက် သံသယရှိတယ်လို့ ယူဆရတဲ့ နျူကလီးယားနဲ့ ပတ်သက်ပြီး စမ်းသပ် လုပ်ဆောင်နေတဲ့ နေရာနဲ့ စီမံကိန်းတွေကို စုံစမ်းစစ်ဆေးသူတွေက ၀င်ရောက် စစ်ဆေးပိုင်ခွင့်နဲ့ သတင်း အချက် အလက်တွေကို ပြည့်ပြည့်စုံစုံ သိရှိခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြောက်ကိုးရီးယားအပေါ် လက်နက် တားမြစ်ချက်နဲ့ အညီ လိုက်နာပါမယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာခဲ့ပြီး ၁၀ လအကြာမှာ အခုလို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ အရေးပါတဲ့ ခြေတလှမ်း အဖြစ် ဒီလုပ်ဆောင်ချက်ကို ရှုမြင်ခဲ့ပါတယ်။ ဇူလိုင်လကလည်း အမေရိကန်ဘဏ္ဍာရေး ၀န်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုးရီးယားက စစ်လက်နက် ၀ယ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမည်ပျက်စာရင်းမှာ ထည့်သွင်း ခဲ့ပါတယ်။အိုင်အေအီးအေရဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးတဲ့နိုင်ငံ ၁၂၁ နိုင်ငံရှိပြီးတော့ စက်တင်ဘာ ၁၇ ရက်နေ့ ဩစတြီးယား နိုင်ငံ ဗီယန်နာမြို့မှာ  အိုင်အေအီးအေ ဌာနချုပ်မှာ အိုင်အေအီးအေ အကြီးအကဲ ယူကီယာ အမိုနိုနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ လက်မှတ်ထိုးကြဖို့ ရှိပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက အိုင်အေအီးအေက မြန်မာပြည်ရဲ့ သံသယရှိတဲ့နေရာတွေကို စစ်ဆေးခွင့် ပေးဖို့ တောင်းဆိုခဲ့ပေမယ့် မြန်မာက ငြင်းဆန်နေခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ စစ်တပ် အရာရှိတဦးထံက အထောက်အထား ဓာတ်ပုံမှတ်တမ်းတွေနဲ့ အယ်လ်ဂျားဇီးယားနဲ့ ဒီဗွီဘီတို့ ပူးပေါင်းတင်ဆက်တဲ့ မြန်မာရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန် ရုပ်သံ ဇာတ်လမ်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီနှစ်မှာပဲ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက မြောက်ကိုးရီးယားက မြန်မာတွေကို တားမြစ်ထားတဲ့ နည်းပညာတွေ ထောက်ပံ့ပေးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024