အကြမ်းဖက်မှုများကြောင့် ဗဟိုအာဖရိကသမ္မတနိုင်ငံမှ ထွက်ပြေးသူ ၆၀,၀၀၀ နီးပါးရှိလာ

921
ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးကြတဲ့ ပြည်သူအရေအတွက်ဟာ သီတင်းတစ်ပတ်အတွင်း ၆၀,၀၀၀ နီးပါး ရှိလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။
ဗဟိုအာဖရိက အစိုးရဟာ ဒီဇင်ဘာ ၂၇ ရက် ရွေးကောက်ပွဲရလဒ်ကို ပယ်ချဖို့ ကြိုးပမ်းနေတဲ့ သူပုန်အဖွဲ့တွေကို တိုက်ထုတ်နေတာပါ။
ရွေးကောက်ပွဲမှာ မဲလိမ်တယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိပေမဲ့ သမ္မတ ဖူစတာအာကော့ တွယ်ဒါဟာကို အနိုင်ရသူအဖြစ် ကြေညာခဲ့ပါတယ်။
UNHCR ပြောခွင့်ရပုဂ္ဂိုလ်က “သေချာတာကတော့ အခြေအနေက ပိုပိုတိုးပြီး ပိုပိုဆိုးလာတယ်” လို့ ဂျနီဗာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်က မြို့တော် ဘန်ဂီကို သူပုန်တွေ တိုက်ခိုက်တဲ့ တစ်နေ့တည်းမှာပဲ ထွက်ပြေးသူ ၁၀,၀၀၀ ဟာ အူဘန်ဂွီမြစ်ကို ဖြတ်ပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံထဲ ရောက်လာတယ်လို့ UNHCR က ဆိုပါတယ်။ တခြားထွက်ပြေးသူတွေဟာလည်း ကင်မရွန်း၊ ချက်ဒ်နဲ့ ကွန်ဂိုသမ္မတနိုင်ငံတွေထဲ ရောက်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။