ကော့သောင်းတွင် ဂက်စ်အိုးတင်ယာဉ် မီးလောင်၊ ၁ ဦး သေဆုံးပြီး အိမ် ၄ လုံးဆုံးရှုံး
DVB
·
January 15, 2021
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ မြရည်ပုလဲလမ်း သုသာန်အဝင်လမ်းမှာ ဇန်နဝါရီ ၁၅ ရက် မနက် ၁ နာရီလောက်က ဂက်စ်အိုးတင်ဆောင်လာတဲ့ကား တိမ်းမှောက်မီးလောင်ခဲ့တာကြောင့် လူ ၁ ဦးသေဆုံးပြီး နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောပါတယ်။
ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွာ ၁၂ မိုင်ကားဂိတ်ဘက်ကနေ ကော့သောင်းမြို့ဘက်ကို ဂက်စ်အိုး အလုံး ၃၀ တင်ဆောင်ပြီး ယာဥ်မောင်းအောင်ကိုလွင် မောင်းနှင်လာတဲ့ Fuso အမျိုးအစားယာဥ်ဟာ ရွှေပြည်သာရပ်ကွက်၊ မြရည်ပုလဲလမ်းသုဿာန်လမ်းဝအရောက်မှာ တိမ်းမှောက်ပြီး မီးလောင်ခဲ့တာကြောင့် ကားပေါ်ပါဂစ်အိုးတွေ ပေါက်ကွဲပြီး နေအိမ် ၄ လုံး မီးလောင်ကျွမ်းသွားခဲ့တာပါ။
နေအိမ်မီးလောင်ခံရသူ ဦးနောင်ဖြူက “ညက ကျနော်တို့အိပ်နေပြီပေါ့။ ဒီ အချိန်မှာ ဝုန်းကနဲ အသံတချက်ကြားလိုက်ရပြီး သားဖြစ်သူက အဘအိမ်ရှေ့မှာ ကားတစီးလာမှောက်နေတယ်လို့ ပြောတဲ့အတွက် ထွက်ကြည့်ပြီး မီးထိုးကြည့်လိုက်တဲ့အခါ ဂက်စ်အိုးတွေ တွေ့လိုက်ရတော့ မရတော့ဘူး ပြေးမှရတော့မယ်ဆိုပြီးပြေးတာ ဓာတ်တိုင်တတိုင်ကျော်လောက်ရောက်တဲ့အခါ ထပေါက်တော့တာပဲ။ ဘာပစ္စည်းမှကို ယူမခံဘူး” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို ကော့သောင်းမြို့နယ်မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသည်ယာဉ် ၁ စီး၊ အရပ်ဘက်ရေသည်ယာဉ် ၂ စီးတို့ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်နေရာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မီးသတ်တပ်ဖွဲ့က ရှင်းလင်းရာမှာ အသက် ၃၀ အရွယ် အမည်မသိ အမျိုးသားအလောင်းတလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
နေအိမ်မီးလောင်ခံရတဲ့ မိသားစုတွေကိုတော့ နီးစပ်ရာဆွေမျိုးသားချင်းတွေဆီမှာ နေရာချထားပေးပြီး လတ်တလောအသုံးပြုနိုင်ဖို့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာဥ်မောင်း အောင်ကိုလွင်ကို ဖမ်းဆီရမိရေးနဲ့ တရားစွဲဆိုနိုင်ဖို့ ကော့သောင်းမြို့ရဲတပ်ဖွဲ့က ဆောင်ရွက်နေတဘ်လို့ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း-လတ်ကိုကိုဦး