Home
မြန်မာသတင်း
မွန်ပြည်နယ်ထွက်ငါးများကို ပြန်ဝယ်ပြီး ပြည်တွင်းစျေးကွက်၌ သက်သာစျေးနှုန်းဖြင့် ရောင်းချမည်
DVB
·
January 15, 2021
တရုတ်နိုင်ငံက ငါးမဝယ်လို့ စျေးကွက်ပျောက်နေတဲ့ မွန်ပြည်နယ်ထွက်ငါးတွေကို ပြန် ဝယ်ပြီး ပြည်တွင်းစျေးကွက်မှာ သက်သာတဲ့ စျေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ မွန်ပြည်နယ်က ထွက်ရှိနေတဲ့ ငါးတွေကိုတော့ တရုတ်၊ မလေးရှားအပါအဝင် စင်ကာပူနိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေတာပါ။ အဲလို တင်ပို့ ရောင်းချရာမှာ တရုတ်စျေးကွက် တစ်ခုတည်းကို ၉၀ ရာခိုင်နှုန်းလောက် မှီခိုနေရပါတယ်။ အခုအခါ တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကြောင့် ငါးဝယ်ယူမှု စည်းမျဉ်းစည်းကမ်း တင်းကျပ်ထားတဲ့အတွက် မွန်ပြည်နယ်ထွက် ငါးတွေ စျေးကွက်ပျောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ပြည်နယ်ထွက် ငါးတွေကို သမဝါယမဦးစီးဌာန အစီအစဉ်နဲ့ ပြန်လည်ဝယ်ယူပြီး ပြည်တွင်းစျေးကွက်မှာ သက်သာတဲ့ စျေးနှုန်း ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။ အခု အစီအစဉ်ကို ဇန်နဝါရီ ဒုတိယအပတ်ကစပြီး မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်စလုံးမှာ စတင်နေပြီး နောက်ပိုင်းမှာ နိုင်ငံတဝန်းအထိ ဖြန့်ဖြူရောင်းပေးသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ သမဝါယမဦးစီးဌာနဟာ ထွက်ရှိနေတဲ့ ငါးတွေရဲ့ ၁၀ ရာခိုင်နှုန်းသာ လာရောက် ဝယ်ယူနေတဲ့အတွက်ကြောင့် ရောင်းရတယ်ဆိုတဲ့ အခြေအနေ တစ်ရပ်သာ ရှိနေသေးတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။ မွန်ပြည်နယ်က ထွက်ရှိနေတဲ့ ငါးတွေကို တရုတ်နိုင်ငံက အဝယ်မရှိတော့တဲ့အတွက် ငါးစျေးနှုန်းဟာ အရင်ထက်စာရင်း ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းလာခဲ့တာပြီး လုပ်ငန်းရှင် အများစု အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံက ငါးဝယ်ယူမှု တင်းကျပ်ထားတာကြောင့် အအေးခန်းတွေထဲမှာ ငါးတန်ချိန် ရာချီ ပိတ်မိနေတယ်လို့ မော်လမြိုင်ဟိုဒင်းလီမိတက် ငါးပုဇွန်အအေးခဲစက်ရုံ ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောပါတယ်။ မွန်ပြည်နယ်ဟာ တရုတ်နိုင်ငံကို နှစ်စဉ် ငါးတန်ချိန် သောင်းချီ တင်ပို့နေရတာ ဖြစ်ပြီး ငါးပုတ်သင်၊ ငါးသလောက်စတဲ့ ငါးတွေကို အဓိက တင်ပို့နေတာပါ။  ဒါပေမယ့် အခုနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံက ငါးအဝယ်ယူမှုဟာ သိသိသာသာ ကျဆင်းလာတဲ့အပြင် တဖက်မှာတော့ ငါးဝယ်ယူမှု စည်းကမ်းတွေ ပိုပြီး တင်းကျပ်လာခဲ့တာပါ။ ဇော်လွင်ထွဋ် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024