ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ဖျာပုံမြို့သားများ ကျပ်သိန်း ၁၆၀၀ ကျော် လှူဒါန်း
DVB
·
January 14, 2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူဖို့အတွက် ဖျာပုံမြို့သူမြို့သားတွေ စုပေါင်းပြီး နိုင်ငံတော်သို့ ပထမအကြိမ် အလှူငွေ ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ကို ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ဖျာပုံခရိုင်အထွေထွေအုပ်ရေးဦးစီးဌာန ခန်းမမှာ လှူဒါန်းခဲ့ကြပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက “ဒီနေ့ဟာ ကြည်နူးစရာမြင်ကွင်းလေးဖြစ်ပြီး နိုင်ငံတော်က ဝယ်ယူမယ့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူဖို့အတွက် ၃ ရက်အတွင်းမှာ ဖျာပုံမြို့သူ မြို့သားတွေအနေနဲ့ ပထမ အကြိမ် အလှူငွေကျပ်သိန်းပေါင်း ၁၆၀၀ ကျော်လှူနိုင်ခဲ့ပြီ။ ဒုတိယအကြိမ်အတွက်လည်း ဆက်လက် စုပေါင်းလှူဒါန်းသွားဦးမယ်”က ပြောပါတယ်။
ဒီကာကွယ်ဆေးထိုးလိုက်ရင် လူတွေ ရဲရဲတင်းတင်းနဲ့ ကြောက်စိတ်တွေမရှိပဲ သွားလာ လှုပ်ရှားနိုင်ကြမယ်၊ ဝမ်းသာမှုတွေ၊ လွှတ်လပ်မှုတွေရှိပြီး လူတွေပျော်ရွင်လာအောင်လို့ ရည်ရွယ်ပြီး သူငယ်ချင်းတွေ တစ်ဦးကို ကျပ်သိန်း ၁၀၀ မတည် စတင်လှူဒါန်းခဲ့တာလို့ ငွေလဝင်း ဆန်စက်ပိုင်ရှင် အလှူရှင် ဦးကျော်ထွန်းက ပြောပါတယ်။
ဒီနေ့ ပြုလုပ်တဲ့ အလှူငွေပေးအပ်ပွဲကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခရိုင်နဲ့ မြို့နယ် ဌာနဆိုင်ရာတွေ၊ မြို့မိမြို့ဖတွေနဲ့ အလှူရှင်တွေ တက်ရောက်ခဲ့ပါတယ်။
သတင်း - ကျော်စိုးမိုး