Live
Home
မြန်မာသတင်း
မကွေးတိုင်း ရှင်မတောင်စေတီသို့ ဘုရားဖူးလာသူ များလာသဖြင့် ယာယီပိတ်ထား
DVB
·
January 14, 2021
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်ရှိ ကျိုက်ထီးရွက်စေတီ (ခ) ရှင်မတောင်စေတီကို  အခုရက်ပိုင်းမှာ ဘုရားဖူးလာရောက်သူတွေနဲ့ စည်ကားနေလို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မရှိစေဖို့အတွက်  ဇန်နဝါရီ ၁၃ ရက်ကစပြီး  ယာယီပိတ်သိမ်းထားလိုက်ပါတယ်။ ကျောက်ပန်းတောင်းကျေးရွာအနီး အမြင့်ပေ ၁၂၅၀  လောက်ရှိတဲ့ တောင်ပေါ်မှာ တည်ထားတဲ့ ရှင်မတောင်စေတီ ပတ်ဝန်းကျင်ရှိ ကျောက်တောင်ပေါ်မှာ သဘာဝ အလျောက်ဖြစ်ပေါ်နေတဲ့ ကျောက်ဆုံအတွင်း သစ်ရွက်မျိုးစုံကို ထည့်ထောင်းအသုံးပြုကာ ဆေးဖက်ဝင်တယ်ဆိုပြီး သတင်းစကားပြန့်နှံ့လာရာကနေ လာရောက်သူတွေပိုများလာတာပါ။ ရှင်မတောင်ဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ  ရွာမကျောင်း ဆရာတော် ဦးနိမလက “ကိုဗစ်ရောဂါမကူးနိုင်ဘူးလို့ တွက်ပါတယ်။ ဆေးရှိတဲ့နေရာကို လာကြတာဆိုတော့ ရောဂါရှိတဲ့သူတွေတောင် ပျောက်နိုင်ပါတယ်။ ဆေးငရုတ်ဆုံ၊ ဆေးကျောက်ဆုံကို အကြောင်းပြု ပြီးတော့ လာကြသလို ရှင်မတောင်ဘုရားဆိုတာလည်း သမိုင်းဝင်ဘုရားဖြစ်တဲ့အတွက်ကြောင့်မို့ ဘုရားကိုလည်း ဖူးရအောင်ဆိုပြီးတော့ ယခုလိုစည်စည်ကားကား လာရောက်ခြင်းဖြစ်တယ်”လို့ မိန့်ပါတယ်။ အခုရက်ပိုင်းမှာ သရက်၊ မင်းတုန်း၊ ကံမမြို့နယ်တွေက မြို့ပေါ်နဲ့ကျေးရွာတွေကပြည်သူတွေ နေ့စဉ် ၅၀၀၀ ကျော်လောက် လာရောက်ဖူးမြော်ကြတယ်လို့ သိရပါတယ်။  ကျောက်ပန်းတောင်းကျေးရွာက ဆေးထောင်းပေးတဲ့ ကိုဝကြီးက “တောင်ပေါ်က သစ်ဥသစ်ဖု အရွက်မှန်သမျှခူးပြီးတော့ ထုထောင်းရင် ဆေးဖက်ဝင်တယ် ခေါင်းကိုက်တာ၊ လည်ပင်းနာတာ၊ လက်တွေမကွေးနိုင်တာ၊ ဆန့်လာနိုင်တယ်။ ဆေးယူသွားတဲ့ သူတွေက ပျောက်တော့ သက်သာတော့ ကြားတာနဲ့လာကြတာ”လို့ ပြောပါတယ်။ သရက်မြို့ကနေ ဘုရားဖူးလာတဲ့ မလှိုင်လှိုင်ထွန်းက “လမ်းတွေကောင်းနေတော့ လူကြီးလူငယ်လာလို့ရနေတယ်။ ဆေးငရုတ်ဆုံထဲ အရွက်တွေ ခူးပြီး ထောင်း၊ နတ်ရေကန်ကရေနဲ့ပွားပြီး အိမ်မှာ ဆောင်ထားလို့ရတယ်၊ နာမကျန်းတာတွေ ပျောက်တယ်ဆိုလို့ လာတာပါ”လို့ ပြောပါတယ်။ မြို့နယ် ကိုဗစ်ကော်မတီက သံဃနာယကအဖွဲ့ ဆရာတော်ကြီးတွေနဲ့ သြဝါဒခံယူ ဆွေးနွေးခဲ့ပြီး ဘုရားဖူးလာရောက်တာကို ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ယာယီပိတ် ထားလိုက်တာ ဖြစ်ပါတယ်။ ကိုဗစ်ကော်မတီ နာယက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက  “နယကဆရာတော်တွေ ဆုံးဖြတ်ပေးတာပေါ့။ ပိတ်လိုက်တယ်။ ယာယီ၊ ရောဂါတွေ ကင်းရှင်းရင်တော့ စည်စည်ကားကားဖြစ်အောင် ပြန်ဖွင့်မယ်၊ အဲတော့ ဒီကာလအတွင်းမှာ ပြင်ဆင်ထိန်းသိမ်းတာတွေ လုပ်မယ်”လို့ ပြောပါတယ်။ ရှင်မတောင်စေတီ ဘုရားပွဲကို ကိုဗစ်-၁၉ ရောဂါတွေ မဖြစ်ခင်က နှစ်စဉ် တပေါင်းလထဲမှာ ပွဲကျင်းပတယ်လို့ သိရပါတယ်။ သတင်း-ဘဦး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024