မင်းပြားမြို့နယ်တွင် မိုင်းကွဲပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေး ၅ ဦး ဒဏ်ရာရ
DVB
·
January 14, 2021
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မိုင်းပေါက်ကွဲပြီး အမျိုးသမီး ၁ ယောက် သေဆုံးကာ ကလေးငယ် ၅ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ် မြန်မာက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့က မင်းပြားမြို့ အရှေ့မြောက်ပိုင်း စပါးထားကျေးရွာအနီး လယ်ကွက်တစ်ခုမှာ မပေါက်ကွဲသေးတဲ့ မိုင်းသီးတစ်လုံး ပြင်းထန်စွာပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကလေးငယ် ၅ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အတွက် ယူနီဆက်ဖ်မြန်မာက လွန်စွာစိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ (UXO) ကြောင့် ကလေးငယ် သေဆုံးဒဏ်ရာရရှိမှုဟာ စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေတဲ့အပေါ် ယူနီဆက်ဖ်အနေနဲ့ များစွာစိုးရိမ်ပူပန်မိတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းနဲ့ UXO ပေါက်ကွဲမှုများကြောင့် သေဆုံးဒဏ်ရာရရှိသူ သုံးပုံတစ်ပုံကျော်လောက်ဟာ ကလေးငယ်တွေဖြစ်ကြပြီး ရခိုင်ပြည်နယ်မှာ ကလေးငယ် သေဆုံးဒဏ်ရာရရှိသူ အများဆုံးဖြစ်ကာ သေဆုံးဒဏ်ရာရရှိသူ စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းလောက် ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ တိုက်ရိုက်အကျိုးဆက်ကြောင့် ၂၀၂၀ ဇန်နဝါရီနဲ့ စက်တင်ဘာလအကြား ကလေးငယ် ၄၉ ယောက် သေဆုံးခဲ့ပြီး ၁၃၄ ယောက် ကိုယ်လက်အင်္ဂါထိခိုက်ချို့ယွင်းခဲ့ရတယ်လို့ ယူနီဆက်ဖ်ထုတ်ပြန်ချက်အရ သိရပါတယ်။