ပုသိမ်မြို့က ချိပ်ပိတ်ခံရသည့် ဘုန်းကြီးကျောင်းကို အမှုကိစ္စပြီးလျှင် ပြန်ဖွင့်ပေးမည်
DVB
·
January 14, 2021
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ချိပ်ပိတ်ခံထားရတဲ့ သာသနာ့ဓမ္မဂုဏ်ရည် ဘုန်းကြီး ကျောင်းကို အမှုကိစ္စပြီးသွားတဲ့အခါ ပြန်ဖွင့်ပေးမှာဖြစ်တယ်လို့ တိုင်းသံဃနာယက ဆရာတော်တွေက မိန့်ပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်က သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းတိုက်ကို ချိပ်ပိတ်တာနဲ့ပတ်သက်လို့ တိုင်းဒေသကြီး သံဃနာယကဆရာတော်တွေက မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်မိန့်ကြားခဲ့တာပါ။
လက်ရှိ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ဝင်လာသူတွေကို လိုက်ပို့တဲ့ ကျောင်းထိုင်ဆရာတော်က ထွက်ပြေးနေပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်အောင် ကျောင်းတိုက်ကို ခဏထိန်းသိမ်းပေးထားတာဖြစ်တယ်လို့ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဥူးဘဒ္ဒန္တသောဘိတက သတင်းစာရှင်းလင်းပွဲမှာ မိန့်ပါတယ်။
"ဒီကျောင်းက ဆရာတော်က သာသနာတော်နဲ့ ဆန့်ကျင်ပြီးတော့ လူကုန်ကူးမှုဆိုတဲ့ ကိစ္စကိုဆောင်ရွက်သွားတယ်၊ ကျန်ခဲ့တဲ့ သံဃာတွေနဲ့ သီလရှင်တွေ နေရေး ထိုင်ရေး အဆင်ပြေအောင်နဲ့ ရှေ့ဆက်ဖြစ်လာမယ့် ပြဿနာတွေကို တားဆီးနိုင်အောင် ချိပ်ပိတ်ထား တာပါ၊ တခြားပြဿနာမရှိပါဘူး ကျောင်းရဲ့အခြေအနေကောင်းပြီးကိစ္စတွေပြီးသွားရင် ပြန်ဖွင့်ပေး မှာပါ"။
ဘုန်းကြီးကျောင်းကို ချိပ်ပိတ်တဲ့နေရာမှာလည်း ကျောင်းမှာရှိတဲ့ ကိုယ်တော်တွေကို နေရေး ထိုင်ရေးအဆင်ပြေအောင်စီစဉ်ပြီး သံဃာတော်တွေကို မန္တလေးကျောင်းမှာနေရာချထားကာ သီလရှင်တွေကို မင်္ဂလာစေတီဝန်ကျောင်းမှာ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
ဘုန်းကြီးကျောင်း ချိတ်ပိတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေကတော့ စုပေါင်းအလှူငွေနဲ့ တည်ဆောက်ခဲ့တဲ့ ကျောင်းဖြစ်လို့ ပြစ်မှုကျူးလွန်တဲ့ ဆရာတော်ကိုသာ အရေးယူတာမျိုးတွေ ပြုလုပ်စေချင်ပြီး ကျောင်းကိုတော့ ချိပ်ပိတ်တာမလုပ်စေချင်ဘူးလို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့တွေကို လိုက်ပို့ရာမှာပါဝင်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က ထွက်ပြေးတိမ်းရှောင်နေပြီး ပြည်မြို့မရဲစခန်းမှာ လူကုန်ကူးဥပဒေနဲ့အမှုဖွင့်ထားပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)