Home
မြန်မာသတင်း
ကော့သောင်းထောင်ကျ အကျဉ်းသားတွေ ကြွေးကြော်ဆန္ဒပြ
ရွှေအောင်
·
September 15, 2013
တနင်္သာရီတိုင်း ကော့သောင်းထောင်မှာ အကျဉ်းကျနေကြတဲ့ အကျဉ်းသားတွေဟာ ထောင်တာဝန်ရှိသူတွေရဲ့ဖိနှိပ်ညှင်းပန်မှုတွကို မခံမရပ်နိုင်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးသက်နိုင်က “ဒီနေ့မနက်က ထောင်မှူးကို အလိုမရှိလို့ အော်တယ်။ ဖြစ်တာက ၁၃ ရက်နေ့ ညက အကျဉ်းသားကို အပြင်ဆွဲထုတ်ပြီး ရိုက်တဲ့ကိစ္စ ဖြစ်တယ်။ ဖြစ်တဲ့ ညချင်းမှာပဲ အပြင်ကနေ သေနတ်နဲ့ပစ်တော့ အထဲက တယောက် ဆုံးသွားတယ်။ ၇ ယောက်က ဒဏ်ရာအပြင်းအထန်နဲ့ ကော့သောင်းဆေးရုံမှာ ရောက်နေတယ်။ ၁၄ ရက်နေ့ ကျနော်တို့ သွားကြည့်တော့ ကြည့်ခွင့်မရဘူး၊ ပေးမတွေ့ဘူး။ ဒီနေ့တခါ အကျဉ်းထောင်ကို လိုက်သွားတော့ အထဲကို ပေးမ၀င်ဘူး။ အကြိမ်ကြိမ် ကျနော်တို့တောင်းဆိုလည်း တွေ့ခွင့်မရဘူး။ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ လူကြီးတွေ အထဲမှာ ညှိနေတယ်လို့ ပြောတယ်။” အကျဉ်းသားတွေဟာ မနက် ၈ နာရီလောက်ကစပြီး နာရီဝက်ကြာလောက် ကြွေးကြော်ဆန္ဒပြခဲ့ကြတာလို့လည်း ပြောပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ညက ကော့သောင်းထောင်တွင်း ဖြစ်ပွားခဲ့ပုံကို သူကြားသမျှ အခုလို ပြောပါတယ်။ “ရန်ဖြစ်စကားများတဲ့ ကလေးတွေကို အပြင်ခေါ်ထုတ်ပြီး ရိုက်တယ်။ အထဲကလူတွေက မခံမရပ်နိုင်လို့ အော်ကြ၊ တားကြတယ်။ တားလို့မရတော့ အထဲမှာ အုံကြွတယ်။ အဲတော့ မီးမှောင်ချပြီး အပြင်ကနေ သေနတ်နဲ့ ပစ်တယ်။ ပစ်ပစ်ချင်းမှာပဲ တယောက်ဆုံးသွားတယ်။ ၇ ယောက်က ဆေးရုံတက်နေတယ်။ ဒဏ်ရာပြင်းထန်တဲ့ ၃ ယောက်ကို မြိတ်ဆေးရုံ ပို့မလို့ လုပ်နေတယ်။” နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားတာကတော့ အကျဉ်းသားချင်း ရန်ဖြစ်ကြရာက ထောင်ဖောက်ဖို့လုပ်တဲ့အတွက် ပစ်ခတ်နှိမ်နင်းရတယ်။ ၁ ဦးသေ၊ အချုပ်သား၂ ဦးနဲ့ ထောင်သား ၅ ဦး ဒဏ်ရာရသွားတယ်။ ထောင်ငြိမ်အောင် လုပ်ထားနိုင်ပြီလို့ ရေးသား ဖော်ပြထားပါတယ်။ ဒီသတင်း သတင်းစာထဲပါလာတဲ့နေ့ မနက်မှာပဲ ထောင်သားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ကော့သောင်းမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးသက်နိုင်ကတော့ ထောင်တွင်းဖိနှိပ်မှုတွေ ရပ်ဖို့လိုတယ်လို့ ပြောပါတယ်။ “အထဲမှာ အကျဉ်းသားတွေကို အခွင့်အရေး အပြည့်ပေးဖို့ လိုတယ်။ ဆက်ပြီး နှိပ်ဆက်နေမယ်ဆိုရင်တော့ အထဲကအကျိုးဆက်ကို အပြင်ကို ရောက်သွားနိုင်တယ်။ အကျဉ်းသားရဲ့ အခွင့်အရေးကို အပြည့်ပေးရမယ်။ အကျဉ်းသားတွေကို ထိန်းတဲ့ လုံထိန်းတွေက အရက်မူးတာ၊ သောက်တာစားလာပြီး အကျဉ်းသားတွေအပေါ်မှာ မတော်မတရားဆဲဆို၊ နှိပ်စက်တာတွေ အများကြီးရှိတယ်။ အဲဒါကို ရှေ့ဆက်မလုပ်ဖို့၊ အကျဉ်းသားအခွင့်အရေးတွေ အပြည့်အ၀ပေးဖို့၊ အပြစ်ရှိတဲ့သူတွေကို အရေးယူပေးဖို့။” ကော့သောင်းထောင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားကြည့်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။ ကော့သောင်းထောင်ထဲမှာ လက်ရှိမှာ အကျဉ်းသား ၆၀၀ လောက်ရှိနေတယ်လို့လည်း စုံစမ်း သိရှိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024