Live
Home
မြန်မာသတင်း
ရန်ကုန်က ပန်းခြံများ ဆက်ပိတ်ထား၊ နေပြည်တော်ရှိ အပန်းဖြေနေရာအချို့ ပြန်ဖွင့် 
စိုးမိုးအောင်
·
January 13, 2021
ရန်ကုန်မြို့က ပန်းခြံတွေနဲ့ကစားကွင်းတွေကို ဇန်နဝါရီ ၂၀ ရက်အထိ ဆက်လက် ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ နေပြည်တော်မှာတော့ ဒီဇင်ဘာလထဲမှာယာယီပိတ်ထားတဲ့ ပေါင်းလောင်းချောင်း အပန်းဖြေစခန်း၊ ပုစွန်ဆိတ်ရေတံခွန်၊ ဖလောင်းရေတံခွန်၊ အဝေရာဆည်အပန်းဖြေစခန်း၊ မြသီတာရေတံခွန်၊ ကိုးတရာရေပူစမ်းနဲ့ မင်္ဂလာကန်တော်တို့ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါဟာ ရန်ကုန်မြို့မှာ ကူးစက်မှု မြင့်မားနေတာဖြစ်သလို လူသေဆုံးမှုတွေများနေတာကြောင့် ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် ပန်းခြံတွေနဲ့ အားကစားကွင်းတွေအားလုံးကို နှစ်သစ်ကူးမတိုင်ခင် ဒီဇင်ဘာလကတည်းက စပြီး ပိတ်ထားဖို့ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားထားတာပါ။  သာကေတမြို့နယ်က ပန်းခြံတွေနဲ့အားကစားကွင်းတွေကို တိုင်းအစိုးရက ဇန်နဝါရီ ၁၁ ရက်အထိ ပိတ်ထားဖို့ ပထမညွှန်ကြားထားခဲ့ပေမယ့်  ဇန်နဝါရီ ၂၀ ရက်နေ့အထိ သက်တမ်း ထပ်တိုးထားတယ်လို့ သာကေတမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းကျော် က ပြောပါတယ်။ ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူတွေအနေနဲ့ အခမဲ့ပန်းခြံတွေမှာ အပန်းဖြေမှုများလာသလို လူစုလူဝေးဖြစ်ပေါ်ခဲ့တာကြောင့် လူမှုကွန်ရက်တွေ မှာ ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်း အစိုးရကနေ ပန်းခြံတွေနဲ့အားကစားကွင်းတွေကို ပိတ်လိုက်တာပါ။  ရန်ကုန်က ပန်းခြံတွေနဲ့အားကစားကွင်းတွေ ပြန်ဖွင့်ဖို့အတွက် ပြည်ထောင်စုကလာတဲ့ အမိန့်ညွှန်ကြားချက်တွေအပေါ်မှာမူတည်နေပြီး လက်ရှိမှာတော့ ဇန်နဝါရီ ၂၀ ရက်နေ့အထိ ပိတ်ထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်အုန်းက ပြောပါတယ်။ ရန်ကုန်မြို့က ဘုရားစေတီတွေကိုတော့ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး ပိတ်ထားတာဖြစ်သလို၊ အများပြည်သူအပန်းဖြေတဲ့ ပန်းခြံနဲ့အားကစားကွင်းတွေကိုတော့ ဒီဇင်ဘာလအတွင်း ခရစ္စမတ်နဲ့နှစ်သစ်ကူးရုံးပိတ်ရက်တွေမတိုင်ခင် ပိတ်ခဲ့တာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024