A d v e r t i s e m e n t With Us

ရှင်ဒိသာပါမောက်ထုံး နှလုံးမူစေချင် (အယ်ဒီတာအာဘော်)

မြန်မာလူ့အဖွဲ့အစည်းတွင် အတိုက်အခံကို နေရာမပေးတတ်သော အယူအဆတချို့ ရှိခဲ့ဖူး သကဲ့သို့ အတိုက်အခံတို့ကလည်း ‘အကုန်ရရင်ရ မရရင်ချ’ဆိုသော အစွန်းရောက် အယူအဆများ ဆုပ်ကိုင်ထားတတ်သည်ကိုလည်း မကြာခဏ ကြုံတွေ့ရတတ်ပါသည်။ ဤသည်မှာ မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ‘ညှိနှိုင်းဆွေးနွေးမှုအလေ့’ အားနည်းခဲ့ခြင်းကို ဖော်ပြနေသည်ဟု ဆိုရပေမည်။ ‘မတူ ကွဲပြားသော သဘောထားတို့မှ ရယူနိုင်သော ညီညွတ်ခြင်း’ကို တန်ဖိုးထား နားလည်မှုအပိုင်း၌ ချို့တဲ့ခဲ့ကြဟန်ရှိသည်။ နိုင်ငံရေးပါတီများ အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းသည် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းနှင့်တော့ မတူညီသည်ကို ဆွေးနွေးဘက်တိုင်း သတိမူအပ်လှပေသည်။ အမှန်မှာမူ နိုင်ငံရေးပါတီချင်းတွေ့ဆုံခြင်းသည် ညှိနှိုင်းဆွေးနွေးခြင်း၏ ‘နိုင်ငံရေးဓလေ့’ တခုကို ပျိုးထောင်ခြင်း အစပြုရာအဖြစ် လက်ခံယူဆမည်ဆိုပါလျှင် လတ်တလောဖြစ်ရပ်များ ပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိနိုင်။ ဤဖြစ်ရပ်များသည်ပင် မည်သည့်နိုင်ငံရေးပါတီတွင်မဆို ‘ညှိနှိုင်းအဖြေရှာတတ်သော နိုင်ငံရေးဓလေ့’ မရှိခြင်းကို ‘ရှက်ဖွယ်လိလိ’ ဖော်ပြနေတော့သည်ဟု ဆိုရန် အကြောင်းခြင်းတရပ် ဖြစ်လာရပေတော့သည်။ ဤနေရာတွင် မြန်မာ့ရာဇဝင်၌ရှိခဲ့သော ‘ရှင်ဒိသာပါမောက်’၏ သံတမန်လုပ်ရပ်တခုကို နမူနာအဖြစ် ပြချင်မိသည်။ ပုဂံခေတ် နရပသီဟပတေ့လက်ထက် စစ်ကြောင့် ဒုက္ခရောက်၍ မင်းနေပြည်တော်မှ ရဟန်းရှင်လူ ပြည်သူတို့ ထွက်ပြေးခဲ့ရသည်။ ထိုမင်းသည် တကောင်းတွင် တပ်စွဲထားသော တရုတ်တပ်နှင့်  စကားဆိုရန် ‘အနန္တပိစည်’ နှင့် ‘မဟာပိုဝ်’ဆိုသော ပညာရှိအမတ်နှစ်ယောက်ကို စေလွှတ်၍ ပဏာမဆွေးနွေးစေခဲ့သည်။ ယင်းဆွေးနွေးပွဲမှ ‘ပီကင်း’ ရှိ ကူဗလိုင်ခန်မင်းကြီးနှင့် တွေ့ဆုံရန် အဆင့်မြင့်သံတမန်စေလွှတ်ရေး သဘောတူခဲ့ကြသည်။ ဤသည်မှာ ‘ပဏာမ’ တွေ့ဆုံဆွေးနွေးခြင်း၏ သဘောနှင့်ကျင့်ထုံးပင် ဖြစ်သည်။ ကူဗလိုင်ခန်မင်းကြီးနှင့်တွေ့ဆုံရန် ငြိမ်းချမ်းရေးတမန်တော်အဖြစ် မြန်မာတို့ဘက်မှ ‘ရှင်ဒိသာပါမောက်’ ကို စေလွှတ်ခဲ့သည်။ ‘ရှင်ဒိသာပါမောက်’ ဆရာတော်ကြီး ပီကင်း ရောက်သည်နှင့် ကူဗလိုင်ခန်မင်းကြီးက ‘ပဋိသန္ဓာရ’စကားဖြင့် ခရီးဦးကြိုဆိုခဲ့သည်။ ရှင်ဒိသာပါမောက်ကလည်း စစ်ဘေးစစ်ဒဏ်ကြောင့် ပုဂံနေပြည်တော်၌ ဆန်ရေစပါး ရှားပါးနေပုံ၊ ရဟန်းရှင်လူတို့ နေရပ်ကို စွန့်ခွာပုံကအစ ပုဂံအခြေအနေကို ရှင်းပြပြီး မင်းကြီးအား မိန့်ကြားပုံမှာ               “မဟာရာဇ်... ဥယျာဉ်စိုက်ပျိုးသော ယောကျ်ားတို့သည် ရေသွန်းလောင်း၍ အပင်ကို ကြီးထွားစေပါသည်။ အညွန့်ကို မဆိတ်ကြပေ။ သစ်ပင်သီးသောအခါ အသီးကိုစားရန်သာ။ တမ္ပဒီပဟု ခေါ်သော ပုဂံကို ရေသွန်းလောင်းပါ။”လို့ မိန့်ကြားတော်မူလိုက်သည်။ ပညာရှိချင်းမို့ သဘော‌ပေါက်လွယ်ဟန်တူသည်။  ကူဗလိုင်ခန်ကလည်း “ပဏ္ဍိတ် ဟောပြောသောအမိန့်တော်တွင် တပည့်တော်အဖို့လည်း ပါဝင်ပါသည်။  ပဏ္ဍိတ် ပြန်ကြွတော်မူပါ။ ထွက်ပြေးသွားခဲ့သမျှသော သူတို့ကို ပြန်ခေါ်တော်မူ၍ ကောက်ပဲသီးနှံ စိုက်ပျိုးကြပါ။”ဟု ပြန်လည်လျှောက်ထားလေ၏။ ဤသို့ဖြင့် စစ်ဖြစ်မည့်ဘေးမှ ရှောင်ရှားနိုင်ခဲ့လေသည်။ ဤမည်သော ‘ရှင်ဒိသာပါမောက်၏ ထုံးကို နှလုံးမူ’၍ ‘အပင်ကို ရေလောင်းကြပါ။ အညွန့်ကို မဆိတ်ကြပါနှင့်။ အသီးသီးမှ အသီးကို မျှဝေစားသောက်ကြပါ။ ‘အမျိုးသားညီညွတ်ရေး’အပင်ကို ရေလောင်းပေါင်းသင်ပေးကြပါရန် တိုက်တွန်း နှိုးဆော်လိုက်ရပေသည်။

A d v e r t i s e m e n t With Us

More News
Up