ပရီးမီးယားလိဂ်ကို ဖျက်သိမ်းဖြစ်ခဲ့လျှင် အံ့အားသင့်စရာမရှိဟု ရှက်ဖီးနည်းပြပြော

1.4K
အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရင် အံ့အားသင့်စရာမရှိကြောင်း ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝဲလ်ဒါက ပြောပါတယ်။
ယူကေမှာ ကူးစက်မြန် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ပိုများလာတာကြောင့် ပရီးမီးယားလိဂ်ကို ဆက်လက်ကျင်းပနိုင်ဖို့ အခက်အခဲတွေ့နေရပါတယ်။
ပရီးမီးယားလိဂ်မှာ တစ်ပတ်ကို ၂ ကြိမ် ပိုးရှိ၊ မရှိ စစ်ဆေးနေရပြီး အခုတစ်ပတ်မှာဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေအတွင်းကနေ ပိုးတွေ့ရှိသူ ၃၆ ဦးအထိ စံချိန်တင် ပိုးတွေ့ ရှိခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ ပရီးမီးယားလိဂ် အောက်ဆုံးက အသင်းနည်းပြတချို့ကတော့ ပြိုင်ပွဲကို ရပ်နားထားဖို့ တောင်းဆိုမှုတွေရှိလာပါတယ်။
အမှတ်ပေးဇယား အဆင့် ၁၉ ရောက်နေတဲ့ ဝက်စ်ဘရွန်းအသင်းရဲ့ နည်းပြ ဆမ်အလာဒိုက် ဆိုရင် ပွဲစဉ်တွေကို ရပ်နားထားဖို့ အက်ဖ်အေကို အတိအလင်း တောင်းဆိုခဲ့ပါတယ်။
အမှတ်ပေးဇယားအောက်ဆုံး ရောက်နေတဲ့ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ္စဝဲလ်ဒါက “ပြိုင်ပွဲကို ပြီးဆုံးအောင် မကျင်းပနိုင်ခဲ့ဘူးဆိုရင်လည်း ဘယ်သူကမှတော့ အံ့အားသင့်နေမယ်လို့ မထင်ပါဘူး။ အသင်းတိုင်းက လက်ရှိ ခက်ခဲတဲ့အခြေအနေကို သိကြတာကြောင့် ဒီနှစ် ပရီးမီးယားလိဂ်ကို ဖျက်သိမ်းခဲ့ရင်လည်း အံ့အားသင့်စရာမရှိပါဘူး” လို့ ပြောပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အရောက်မှာ မန်ယူနိုက်တက်က တစ်ပွဲလျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပေမယ့် ဘန်လေနဲ့ပွဲမှာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။