ထိုင်းဘုရင်နှင့် တော်ဝင်ကြင်ရာတော်တို့ အကျဉ်းထောင်များသို့ သွားရောက်

ထိုင်းဘုရင် မဟာဝချီယာလောင်ကွန်းဟာ သူ့ရဲ့တော်ဝင်ကြင်ရာတော် စီးနီနတ်ဝုန်ဗဂျီရာပတ်ဒီနဲ့အတူ အကျဉ်းထောင်တွေဆီ သွားရောက်လည်ပတ်နေတဲ့ ဓာတ်ပုံတွေကို ထိုင်းတော်ဝင် နန်းတော်က ဇန်နဝါရီ ၁၁ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။  စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ထွက်လာအပြီး တော်ဝင်မိသားစုဟာ လူထုကြားကို ပိုထွက်လာခဲ့ကြတယ်လို့လည်း ရိုက်တာ သတင်းက ဆိုပါတယ်။ ဘုရင်နဲ့ မနှစ်က ရာထူးဘွဲ့နာမည်တွေ ရုပ်သိမ်းပြီး ထောင်ချခံခဲ့ရပြီးတဲ့နောက် နဂိုနေရာကို ပြန်ရလာတဲ့ တော်ဝင်ကြင်ရာတော်တို့ ထိုင်းနိုင်ငံတဝန်းရှိ ထောင်တွေကို သွားရောက် စစ်ဆေးနေပုံကို အစိုးရနဲ့ ပုဂ္ဂလိကရုပ်သံလိုင်းတွေက တော်ဝင်သတင်းစဉ်အတွင်း ဇန်နဝါရီ ၉ ရက် ညက ပြသခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် နောက်ဆုံး ၂ လအတွင်း သူတို့က အရာရှိတွေနဲ့ စကားပြောနေပုံတွေ ကြမ်းပြင်ကို တံမြက်စည်းလှည်းနေပုံတွေကိုလည်း ပြသခဲ့ပါတယ်။ စီမံကိန်းတွေရဲ့ အကျိုးကျေးဇူးနဲ့ပတ်သက်ပြီး ထောင်သားတွေနဲ့ လူတွေ့ မေးမြန်းနေပုံကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာ ရာထူးက နုတ်ထွက်ရေးနဲ့ စည်းမျဉ်းခံဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေတဲ့ ဆန္ဒပြပွဲတွေကြားမှာ ဘုရင်က မိဘုရားဆုသီဒါနဲ့ ကိုယ်ရံတော်တပ်နဲ့အတူ ထိုင်းနိုင်ငံကို ပြန်လာပြီးတည်းက ခုလို ပုံတွေကို ပိုပြီး မကြာမကြာ ထုတ်လွှင့်နေတာပါ။ ဘုရင်ရဲ့ သြဇာကို အသစ်တိုးချဲ့ခဲ့တဲ့အတွက် ထိန်းချုပ်ဖို့ တောင်းဆိုမှုဟာ အရင်က ထိုင်းနိုင်ငံမှာ မပြောကောင်းတဲ့ကိစ္စရပ် ဖြစ်နေခဲ့ဖူးပါတယ်။ ရှေးရိုးစွဲအစဉ်အလာအရ ထိုင်းနိုင်ငံမှာ ဘုရင်တွေက နတ်ဘုရားတပိုင်းလို ဖြစ်နေပြီး မဝေဖန်ကောင်းဘူးလို့ အယူရှိခဲ့ဖူးပါတယ်။ ဘုရင်ဟာ ဥရောပကနေ ပြန်လာအပြီး မကြာခင်ကစလို့ ၂၀၂၀ တနှစ်လုံးမှာ မိဘုရား ဆုသီဒါ၊ သမီးတွေနဲ့အတူ ထိုင်းနိုင်ငံအနှံ့ သွားရောက်လည်ပတ်ခဲ့ပြီး တချို့ ပွဲစဉ်တွေမှာတော့ အသက် ၃၅ နှစ်အရွယ် တော်ဝင်ကြင်ရာတော် စီးနီနတ်လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up