ဖလမ်းမြို့တွင် လူနေအိမ် ၆ လုံး မီးလောင်၊ အမျိုးသမီး ၂ ဦး သေဆုံး
DVB
·
January 12, 2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်မှာ ဇန်နဝါရီ ၁၂ ရက် ဒီနေ့မနက် ၄ နာရီကျော်လောက်က လူနေအိမ် ၆ လုံး မီးလောင်ပြီး အမျိုးသမီး၂ ဦးသေဆုံးသွားပါတယ်။
လျှပ်စစ်နဲ့ အပူပေးစက်အသုံးပြုရာကနေ အပူလွန်ကဲပြီး မီးလောင်ကျွမ်းရတာဖြစ်တယ်လို့ ဖလမ်းခရိုင် မီးသတ်ဦးစီးမှူး ဦးစာရုံမန်းက ပြောပါတယ်။
"လျှပ်စစ်နဲ့ အပူပေးစက်ကိုအသုံးပြုရာမှာ အပူလွန်ကဲပြီး မီးစတင်လောင်တာပါ။ အိမ်ကိုပါ ကူးစက်လောင်တော့ အဲ့ဒီနေအိမ်က အမျိုးသမီး နှစ်ယောက်လုံး ထွက်စရာမရှိဖြစ်ပြီး သေဆုံးသွားတယ်”။
မီးလောင်ရာနေရာကို မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၆ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင် ၆၀ လောက်နဲ့ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၆ လုံး နဲ့ အိမ်တွင်းရှိပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေ စုစုပေါင်း ကျပ် ၈၅၀၀၀၀၀ ဖိုးလောက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ လူသေဆုံးခဲ့တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ရှင် ဒေါ်မန်းလှယ်ဇိန်းအသက် ၆၇ နှစ်ကို ဖလမ်းမြို့မရဲစခန်းက ပုဒ်မ ၂၈၅/၃၀၄ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့မှာ လူနေအိမ် ၃ လုံးမီးလောင်ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း - ရန်နိုင်စိုး၊ ဓာတ်ပုံ - ဖလမ်းမြို့နယ်မီးသတ်၊ဖလမ်းပြန်ဆက်