Home
မြန်မာသတင်း
မိုးကုတ်တွင် တပ်မတော်က ဖမ်းဆီးသွားသည့် ကျောင်းအုပ်ဆရာမ ၁ ဦးကို ရုံးထုတ်
DVB
·
January 12, 2021
မန္တ​လေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ တပ်မတော်ကစစ်​ဆေးဖို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မူလတန်းကျောင်းအုပ်ဆရာမ တစ်ယောက်ကို  ​မိုးကုတ်မြို့နယ်တရားရုံးမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ပါတယ်။ မိုးကုတ်မြို့နယ်တရားရုံးမှာ ဆရာမကိုရုံးထုတ်စဉ်  မိသားစုဝင်တွေနဲ့ တအာင်းလူငယ်တွေ ရွာသူရွာသားတွေက ဆရာမကို လာရောက်တွေ့ဆုံခဲ့ကြပြီး    ရဲလုံခြုံရေးနဲ့ စစ်တပ်လုံခြုံရေးတွေလည်း ချထားပါတယ်။ ဆရာမကို တရားရုံးထဲသွင်းပြီး သုံးမိနစ်လောက်မှာ ပြန်ထုတ်လာချိန် မိသားစုဝင်တွေနဲ့ မတွေ့ရ စကားမပြောရတဲ့အတွက် မိသားစုဝင်တွေက တွေ့ခွင့်ရဖို့ တောင်းဆိုရာမှာ တရားရုံးရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။ မိုးကုတ်မြို့နယ်၊ မာနားရွာသစ် မူလတန်းကျောင်းမှာတာဝန်ကျတဲ့ ဖြူရောင်ရွာက  ဆရာမကို ဒီဇင်ဘာလ ၂၇ ရက်​နေ့မှာ တပ်မတော်ကစစ်သားတွေဟာ စစ်ဆေးစရာရှိလို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ၁၅ ရက်မြောက်မှာ ရုံးထုတ် ရမန်ယူတာ ဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာမကို တောတွင်းလက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်တာကြောင့် ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ မိသားစုဝင်တွေအနေနဲ့ ဘာကြောင့်ဖမ်းတယ် ဆိုတာကို တိတိကျကျသိရတာမရှိတာကြောင့် ဆရာမရဲ့ ကျန်းမာရေးကိုစိုးရိမ်ပူပန်ကြတယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့မရဲစခန်းကစခန်းမှူးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခွင့်မရဘူးလို့ ဆိုပါတယ်။ မိုးကုတ်မြို့နယ်မှာ  တောတွင်းလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့နဲ့  ပတ်သက်ဆက်နွှယ်တဲ့ မူလတန်းကျောင်းအုပ်ဆရာမ တစ်ယောက်ကို  ဥပဒေနဲ့အညီ  ဖမ်းဆီးအရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။ အဆိုပါ ကျောင်းအုပ်ဆရာမဟာ ၂၀၂၀ ပြည့်နှစ်အတွင်း TNLA အဖွဲ့ဝင်တစ်ဦးနဲ့ လူမှုရေး ပတ်သက်ဆက်နွှယ်မှုရှိခဲ့ပြီး  တယ်လီဖုန်း၊ Viber ၊ လူမှုကွန်ရက် စာမျက်နှာ Facebook ၊ Messenger တို့ကနေ ဖုန်းခေါ်တာ၊ အပြန်အလှန်စာပို့တာ၊ Video Call ခေါ်ဆိုတာတွေကို နေ့စဉ် ဆက်သွယ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောတွင်း လူချင်းတွေ့ဆုံဆက်သွယ်ပြီး  တောတွင်းလက်နက်ကိုင်အဖွဲ့အတွက် အစားအသောက်နဲ့ အသုံးဆောင်ပစ္စည်းတွေပေးပို့တာ၊ တပ်မတော်စစ်ကြောင်း လှုပ်ရှားသွားလာမှုနဲ့ စခန်းချရပ်နားမှုအခြေအနေတွေကို  ဆက်သွယ်သတင်းပေးတာတွေ စိစစ်ဖော်ထုတ်ရလို့ ဥပဒေနဲ့အညီ  အမှုဖွင့်အရေးယူ ထားတယ်လို့လည်း ရဲသတင်းမှာ ဖော်ပြပါတယ်။ သတင်း - ဟန်နာထက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024