Live
Home
ဆောင်းပါး
မိသားစုထမင်းဝိုင်းထဲက အသံတိတ်ရန်သူ
DVB
·
January 12, 2021
လူသားတစ်ဦးရဲ့ အသက်ရှင်သန်နေထိုင်ရေးအတွက် အရေးကြီးဆုံး တစ်ခုက အစားအစာ တစ်ခုခု  စားရဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှား သွားလာရှင်သန်နေရချိန်‌တွေမှာ ကုန်ခန်းသွားတဲ့ ကိုယ်တွင်းစွမ်းအင်တွေကို အစားအသောက်တွေ စားရင်းကပဲ ပြန်လည်ဖြည့်တင်းကြရတာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာတဲ့ အခြေအနေတစ်ရပ်မှာ လူသား‌တွေအတွက် အစားအသောက် လိုအပ်ချက်တွေက ပိုလို့ကြီးမာလာပါတယ်။ ဒီလို လိုအပ်‌ချက်တွေကို ပြည့်၀အောင် ဖြည့်ဆည်းကြရာက သဘာ၀နဲ့ ကင်းကွာလာပြီး အဆိပ်မကင်းတဲ့ အစားအသောက်တွေကို လက်တစ်ကမ်းအကွာမှာပဲ အရန်သင့် စားသောက်နေကြရတာကိုတော့ အမှတ်မဲ့ သတိပြုမိဖို့ ခဲယဉ်းနေပါလိမ့်မယ်။ ခေတ်ကာလအလျောက် ဆန်းပြားတဲ့ ရောဂါတွေက ကပ်ရောဂါအသွင်နဲ့ လူ့အသက်တွေကို နုတ်ယူသွားကြတာကိုတော့ လတ်တလောဖြစ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါက သက်သေ အထင်အရှားပါပဲ။ လူအများသတိမပြုမိကြတဲ့ အကြောင်းအရာတစ်ခုကတော့  အချိုမှုန့်ပါ။  ဒါဟာ လူတွေ သတိပြုမိပေမဲ့ မေ့မေ့ပျောက်ပျောက် ရှိသွားတတ်ကြတဲ့ မိသားစုထမင်းဝိုင်းထဲက ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘိုးဘွား ၊မိဘတွေ လက်ထက်က မိသားစုထမင်းဝိုင်းထဲ ထိုအရာရောက်မ‌လာသေးပါဘူး။ ငါးပိရည် အတို့အမြှုပ်လေးနဲ့ လက်ရည်တစ်ပြင်တည်း စားသောက်ခဲ့ကြပါတယ်။ စားသမျှ အသီးအနှံတွေကလည်း ဓာတုဆေးတွေနဲ့ လွတ်ကင်းရာဖြစ်လို့ ချိုမြိန်စေပြီး အာဟာရပြည့်၀တဲ့ သဘာ၀ကပေးတဲ့ လက်ဆောင်ပါ။ မိသားစု ထမင်းဝိုင်းထဲမှာ သူ့ထက်ငါကဲ လွေးကြရတာကိုတော့ အခုနေချိန်များမှာ လွမ်းစရာများသာ ဖြစ်နေပါတော့တယ်။ “အချိုမှုန့်က ကိုယ်ချက်နေတဲ့ ဟင်းဒယ်အိုးထဲ ထည့်လိုက်တာနဲ့ ကိုယ်ချက်တဲ့ဟင်းမှာပါတဲ့ ဗီတာမင်မှန်သမျှ အကုန်ဓာတ်ပြယ်သွားရောပဲ”လို့ ဆရာဦးစိုးညီညီက အစာအာဟာရ သတင်းရေးသားခြင်း သင်တန်းမှာ ပြောခဲ့တာပါ။ ဆရာက အာဟာရပြည့်၀ရေး ပညာပေး ဆောင်ရွက်နေသူတစ်ဦးပါ။ လျှာဖျားပေါ်က ခဏတာ ချိုမြိန်တဲ့ အရသာတစ်ခုအတွက်နဲ့ ဆုံးရှုံးလိုက်ရတဲ့ ကျန်းမာခြင်းရဲ့ လာဘ်တစ်ပါးကို လက်လွှတ်ဆုံးရှုံးခံလိုက်ရတာကို သတိမပြုမိကြပါဘူး။ ရှိပြီးသား အသီးအနှံတွေရဲ့ အကျိုးပြုနိုင်တဲ့ စွမ်းဆောင်ချက်တွေကို ကိုယ်တိုင်မဖျက်ဆီးမိဖို့ သတိထားဆင်ခြင်ရမှာ ဖြစ်ပါတယ်။ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို သတိပြုမိစေဖို့ အရေးကြီးပါပြီ။ အစာအာဟာရပြည့်မှ ကျန်းမာသန်စွမ်းတဲ့ လူမှုပတ်၀န်းကျင် ဖြစ်လာစေမှာပါ။ အစာအဟာရနဲ့ သက်ဆိုင်တဲ့ သတင်းရေးသားခြင်း သင်တန်းမှာ ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ်က ကျေးရွာတွေကို နေထိုင်စားသောက်မူပုံစံတွေ သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ သားငါးပေါတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ငါးပိရည်က ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ ဟင်းတစ်ခွက်ပါ။ လေ့လာမိရသလောက် ၀င်ငွေအနိမ့်အမြင့်၊ လူတန်းစားအပေါ်အခြေမခံပဲ ဘယ်လိုအိမ်ထောင်စုမျိုးမဆို ငါးပိရည်ဟင်းက ထမင်းဝိုင်းမှာ မပါမဖြစ် ဟင်းတစ်ခွက် ဖြစ်ပါတယ်။ ငါးပိရည်က ငါးနဲ့ပဲ ဖန်တီးထားတာဖြစ်လို့ ပရိုတိန်းဓာတ်ကြွယ်၀တယ်လို့ သတ်မှတ်ထားကြပါတယ်။ ပြည်ပရောက် မြန်မာတွေက အိမ်ကို လွမ်းကြရာမှာလည်း ငါးပိရည်ဟင်းက မပါမဖြစ်ပါ။ အနံ့စူးတဲ့အတွက် တိုင်းတစ်ပါးကို သယ်ဆောင်သွားဖို့အတွက် အခက်အခဲတွေကလည်း ရယ်စရာ၊ လွမ်းစရာ ငါးပိရည်ဇာတ်လမ်းများနဲ့လည်း စုံလို့ပါ။ ယနေ့ခေတ် ငါးပိရည်ထဲ ဟင်းချိုမှုန့်ကို မပါမဖြစ် ရောခပ်စားသောက်လာကြတာကိုတော့ စိတ်မကောင်းစွာနဲ့ တွေ့နေရပါတယ်။ “သေခါမှသေရော အချို့မှုန့်လေးတော့ ထည့်လိုက်ရမှ” ဆိုတာမျိုးတွေပါ မကြာခဏဆိုသလို ကြားနေကြပါတယ်။ တကယ်တော့ အန္တရာယ်များတဲ့ ဟင်းချိုမှုန့်ကို တောနေ၊ ရွာနေသူတွေက တခုတ်တရ စားသုံးနေကြတာပါ။ ‌လက်လှမ်းမီရာ ‌ဈေးနှုန်းတွေနဲ့ လွယ်လင့်တကူ ၀ယ်ယူ စားသောက်နေကြတာပဲ ဖြစ်ပါတယ်။ အချိုမှုန့်အစား ဟင်းခပ်မှုန့်တချို့ အစားထိုး ထုတ်လာတာတွေရှိပေမဲ့ ၀င်ငွေနိမ့်သူတို့အဖို့ ရွေးချယ်စရာက များများစားစား မရှိကြပါဘူး။ ဒီတော့ လက်လှမ်းမီရာကိုသာ အားထားရာ ဖြစ်လာကြရပါတယ်။ အချိုမှုန့်အကြောင်း ပညာပေးလုပ်လာကြတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ကပ်ရောဂါကာလ စာဖတ်ခန်းထဲက အဘွား လူထုဒေါ်အမာရဲ့ အမေ့ရှေးစကားများစာအုပ်ထဲက ဟင်းချိုမှုန့်တွေ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ထဲ ရောက်လာပုံကို ရေးသားထားတာ ဖတ်လိုက်ရပါတယ်။ အမေတို့က အိမ်နီးချင်းနဲ့ဖြစ်ဖြစ်၊ ရင်းနှီးတဲ့မိတ်ဆွေနဲ့ ဖြစ်ဖြစ် ထမင်းစားချိန်ဝန်းကျင်မှာ အချင်းချင်း ဆုံကြရင် ‘ထမင်းစားခဲ့ပလားဟေ့’ လို့ စမေးစမြဲ၊ စားခဲ့ပြီးရင်လည်း ‘ဘာဟင်းနဲ့ စားခဲ့တာလဲ’ လို့ မေးစမြဲ။ အဲဒီလိုစားခဲ့တဲ့ဟင်း မေးတာက ကိုယ့်ဘာသာ နေ့တိုင်းချက်စားနေတဲ့ ဟင်းစပ်ဟာ ရိုးထပ်နေရင် သူများ ချက်စားတဲ့ ဟင်းစပ်ကလေးမျိုး အတုခိုးချက်ချင်လို့မေးတာ ဖြစ်တယ်။ အမေးခံရသူကလည်း ဘာဟင်းတွေ ချက်စားခဲ့တယ်ဆိုတာ ပြုံးပြုံးရွှင်ရွှင် ပြန်ပြောပြစမြဲ။  အဲဒါ အမေတို့ ထုံးစံပါပဲ။ ဘာလို့လဲဆိုတော့ မြန်မာက ထမင်းကို ဟင်းနဲ့စားတဲ့အခါ တစ်ခွက်တည်းသောဟင်းနဲ့ စားတာမှ မဟုတ်ဘဲ။ အရည်သောက်ကလေးလည်းပါ၊ အချိုလေးပါ၊ အချဉ်လေးပါ အငန်လေးပါ၊ အခါးလေးပါ၊ အရသာအမျိုးစုံပါတာကို စားတတ်ကြတယ်။ ဒါကြောင့် ကိုယ် မချက်ဖြစ်တာလေးမျိုး သူများချက်စားတာ ကြားရသိရရင် သတိရပြီး ကိုယ်လည်း ချက်စားရအောင်လို့ မေးတာလေ။ ရင်းနှီးတဲ့လူကို ချက်ပြီးသားဟင်းတောင် တောင်းစားတတ်သေးရဲ့။ ခုခေတ်မှာ အဲဒီဓလေ့ ကွယ်နေပြီ။ ဘာလို့လဲဆိုတော့ မေးတဲ့လူက ဘာမှ သတိမရဘဲ မေးရိုးမေးမိရင် ဖြေတဲ့လူက မဖြေချင်ဘူး။ ကိုယ် စားခဲ့ရတဲ့ဟင်းက ခါတိုင်းကိုယ်စားနေကျ ကိုယ့်စံချိန်မီတာ မဟုတ်တော့ဘူး။ စားစရာ ပစ္စည်းကအစ အစစအရာရာ ရှားပါးလွန်းတော့ ဟင်းတွေက အဖြစ်ချက်စားရတာ၊ ထမင်းနဲ့ စားဖြစ်ရုံချက်စားရတာမို့ ပြောရမှာရှက်နေသူက များနေပြီလေ။ ပြီးတော့ မီးဖိုပေါ်မှာ ရှေးကလို ဟင်းအိုးမတည်နိုင်တော့သူတွေကလည်း ခပ်များများ ဖြစ်လာပြီ ဟုတ်လား။ ဆီဈေးကကြီး၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်သီး ဈေးကကြီး၊ သားငါးက ခေါင်ခိုက်အောင်ကြီးတော့ ဟင်းအိုးတည်ပြီး ဟင်းမချက်နိုင်ကြဘူး။ အမေသိတဲ့ လက်ဖက်ဆိုင်ကြီး တဆိုင်ဆိုရင် ညနေပိုင်းမှာ ၁၅ ကျပ်တန် လက်ဖက်သုပ်ထုပ်တာ ထုပ်လို့မနိုင်၊ ရောင်းလို့မနိုင် ဖြစ်နေရတယ်တဲ့။ အလုပ်ဆင်း အလုပ်ပြန်မှာ ဝင်ဝယ်ကြတာလေ။ သူတို့က အိမ်ရောက်တော့ ဒီလက်ဖက်သုပ်တစ်ထုပ်နဲ့ လူ ၄-၅ ယောက် ထမင်းစားကြမှာတဲ့၊ ဟင်းမချက်တော့ဘူး။ ထမင်းနဲ့ လက်ဖက်သုပ်ပေါ့။ လက်ဖက်သုပ်က အချဉ်လည်းပါ၊ အငန်လည်းပါ၊ အစပ်လည်းပါ၊ အခါးလည်းပါတယ် ဟုတ်လား။ ပြီးတော့ ခုတလော စားအုန်းဆီဈေးတွေ တက်တယ်ဆိုတော့ ဆင်းရဲသားများက ညည်းကြတယ်။ သူတို့ကို တိုက်ရိုက်ထိတာတဲ့။ သူတို့က နှမ်းဆီ၊ ပဲဆီ စားတာမှမဟုတ်ဘဲ။ စားအုန်းဆီကို စားတာကိုး။ အမေက စားအုန်းဆီစားရင် လူ့ကျန်းမာရေးကို ဘယ်လို ထိခိုက်တယ်ဆိုတဲ့ ဆောင်းပါးတွေ မဖတ်ဘူးလားဆိုတော့ စားအုန်းဆီ စားလို့ ရောဂါရမှာက နောက်၊ ခုလောလောဆယ် နှမ်းဆီ၊ ပဲဆီက ဝယ်မစားနိုင်အောင် ဈေးကြီးနေတာက အရင်ဆိုတော့ ဈေးနည်းနည်းသက်သာတဲ့ စားအုန်းဆီကိုပဲ စားရတာပဲတဲ့။ ရောဂါကဖြစ်ခါမှ ဖြစ်ရော့တဲ့။ အမေက ဒီစကားကိုကြားရတော့ အမေတို့တတွေအားလုံး ဟင်းချိုမှုန့်တွေ အိုးတိုင်းခတ်၊ စားစရာတိုင်း ခတ်စားနေကြတာကို သွားသတိရပြီး သူ့ပြောမိတာကို ရယ်ချင်လာတယ်။ အမေတို့ လူမျိုးက ဟင်းအိုးမှာ ဟင်းချိုဖို့အတွက် ငါး၊ ငါးပိ၊ ပုဇွန်၊ ငံပြာရည်၊ ပုဇွန်ခြောက် ရရာ တစ်မျိုးမျိုးကို ခတ်လေ့ရှိပါတယ်။ နောက်တော့ အဲဒါတွေက ရှားသွားပြီး ဟင်းချိုမှုန့်ဆိုတဲ့ ဓာတ်ဆေးတစ်မျိုး ပေါ်လာတယ်။ သူကလည်း အိုးထဲ နည်းနည်းလေးခတ်လိုက်ရုံနဲ့ ငါးပိ၊ ငံပြာရည်၊ ပုဇွန်ခြောက်နဲ့ ငါးပုဇွန်တမျိုးမျိုးကို ခတ်လိုက်ရသလို ချိုတဲ့အရသာရှိလာတယ်လေ။ ဒါကြောင့် တတ်နိုင်တဲ့လူက ပိုချိုအောင်၊ ပိုအရသာရှိအောင် ငါး၊ ငါးပိထည့်နိုင်ပါလျက်နဲ့ ဟင်းချိုမှုန့်ကို ထည့်စားတယ်။ တချို့ကများ သားငါးအစိုတွေမှာတောင် ဟင်းချိုမှုန့်ကို ဆားနဲ့အတူရောပြီး နယ်တယ်။ ဟင်းချိုမှုန့်က ပေးတဲ့ အချိုအရသာကို စွဲမက်နေလိုက်ကြတာ။ ဒါမပါရင်ဘဲ အချိုတွေ ပေါ့နေသလို ဖြစ်နေသတဲ့။ အများစုကတော့ ငါး ငါးပိ၊ ငံပြာရည်နား မကပ်နိုင်လို့ ဟင်းချိုမှုန့် သုံးးနေရတာပါ။ ဒီဟင်းချိုမှုန့်ကို အမေတို့နိုင်ငံကိုအများဆုံး တင်ပို့ရောင်းချ တဲ့နိုင်ငံကတော့ ဂျပန်နိုင်ငံပါ။ ဒါပေမဲ့ မြန်မာပြည်လာတဲ့ ဂျပန်ဧည့်သည်များကတော့ သူတို့ စားမယ့်အစားအစာထဲ ဟင်းချိုမှုန့် မထည့်ရဘူးတဲ့။ ဈေးသည်က လက်အကျင့်ပါလို့ မေ့လျော့ပြီးထည့်ပေးလိုက်မိရင် အဆိပ်မှုန့် အခတ်ခံလိုက်ရသလိုပဲ ပျာပျာသလဲ ခါးခါးသီးသီး ငြင်းဆန်တယ်။ ဟင်းချိုမှုန့်မပါတဲ့ စားစရာအသစ်ပြန်ပြင်ပေးဖို့ တောင်း‌ဆိုတာပါ။ ဟင်းချိုမှုန့်ဆို‌တဲ့ အဲဒီဓာတ်ဆေးမှုန့်ဟာ လူကိုဘယ်လို အန္တရာယ် ဖြစ်စေတာလဲ။ လူမျိုးခြားက ဘာလို့ခါးခါးသီးသီး ငြင်းဆန်ကြတာလဲ။ ဟင်းချိုမှုန့်ကို အမေတို့တစ်မျိုးသားလုံး အလွန် ခုံခုံမင်မင်စားနေကြတဲ့ အန္တရာယ်က ဘယ်လောက်ကြီးနေတာလဲ မသိဘူးနှော်။ အမေတို့မှာ မျက်စိကန်း တစ္ဆေမကြောက် ရှိလိုက်တာ။ ဒီအကြောင်းကိုအမေက စကားစပ်မိလို့ အမျိုးသမီးတစ်ဦးနဲ့ပြောမိကြတော့ သူက အမေရယ်... ကျွန်မတို့က နေ့စဉ် စားသောက်နေတဲ့ ပစ္စည်းတွေမှာ အစစ်ကနည်းနည်း၊ အတုတွေက များများ ဖြစ်နေပါပြီတဲ့။ နနွင်းမှုန့်ဆိုလည်း အစစ်ထဲအတုတွေ ပါတာပဲတဲ့။ ငရုတ်သီးမှုန့်ဆိုလည်း အစစ်ထဲ အတုတွေပါတာပဲတဲ့။ သူကပြောလိုက်တာ အမေတို့စားနေတာတွေမှာ စားဝံ့စရာ မရှိတာတွေက အများကြီးပါကလား။ အမေတို့အားလုံးစားသုံးနေတဲ့ ပစ္စည်းတွေထဲမှာ လူကိုအန္တရာယ်ပြုတဲ့ ပစ္စည်း ဘယ်ရွေ့ ဘယ်လောက်ပါနေပြီဆိုတာကို ဘယ်သူကမှလည်း စုံစမ်း စစ်ဆေးမပေးကြပါကလား။ အမေတို့မှာဒီအတိုင်း စားသုံးနေကြရတာလေ။ ရောဂါတွေဖြစ်လာတော့လည်း ဆေးဝါးက ဈေးကြီးပါဘိသနဲ့လို့ ဒီအမျိုးသမီးကပြောသွားတော့ အမေ့မှာ ဟင်းခနဲ သက်ပြင်းချပြီး ကျန်ရစ်ရတယ်။” ဒါကလူထုဒေါ်အမာရေးခဲ့တဲ့ မြန်မာတို့ရဲ့ ထမင်းဟင်းစားသောက်တဲ့ ဓလေ့အကြောင်းကို ပြန်လည်ကောက်နုတ် ဖော်ပြခဲ့တာဖြစ်ပါတယ်။  စာရေးသူရဲ့ သက်တမ်းနဲ့တွက်ရင် အဘွားအရွယ်ပါ။ သူ့စာမူပါတဲ့သက်တမ်းက ဒီကနေ့ဆို ၂၃ နှစ်ကျော်လောက် ရှိပါပြီ။ မြန်မာပြည်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်ကတည်းက ယနေ့အထိ ဟင်းချိုမှုန့်ကို တွင်တွင်ကျယ်ကျယ် အသုံးပြု စားသောက်နေကြတာကို တွေးဆမိပြီး စိတ်မကောင်းကြီးစွာ ဖြစ်မိပါတယ်။ ဟင်းချိုမှုန့်က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်က မြန်မာနိုင်ငံထဲ လူဆင်းရဲ လူချမ်းသာမရွေး စားသုံးကြပုံရပါတယ်။ ကနေ့ခေတ်မှာတော့  ဟင်းချိုမှုန့်အစားထိုးတွေ သုံးစွဲလာကြပါပြီ။ တောနေ၊ ရွာနေသူတို့အဖို့ အဓိကဟင်းချိုမှုန့်ကို လက်မလွှတ်နိုင်ကြသေးတာကို တွေ့ရမြင်ရကြမှာပါ။  ကျန်းမာရေးအတွက် အစားအသောက်တွေကို ပိုပြီးဂရုတစိုက် စားသောက်တဲ့ အလေ့အကျင့်ကို တစ်စတစ်စ တွေ့လာရပါတယ်။ ကျန်းမာရေးအတွက် မလျော်ကန်  မသင့်‌လျော်တဲ့ အစားအသောက်တွေ ပပျောက်သွားစေဖို့ မြန်မာပြည်သူအားလုံး ဝိုင်း၀န်းသတိပြုဖယ်ရှားကြပါစို့။ ။ စသူရကျော် ကိုးကား။ ။ကလျာမဂ္ဂဇင်း၊ အမှတ် ၁၅၁၊ စက်တင်ဘာ၊၁၉၉၇။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024