A d v e r t i s e m e n t With Us

ဗြိတိန်၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စံချိန်တင်မြင့်တက်၊ ဆေးရုံတွင် အောက်ဆီဂျင်ပြတ်လပ်

ဗြိတိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ စံချိန်တင်မြင့်တက်နေပြီး ဆေးရုံတွေမှာ အောက်ဆီဂျင် ပြတ်လပ်နေတာမို့ ကာကွယ်ဆေး ဖြန့်ချိရေးကို အချိန်လု လုပ်နေရတယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ ထိပ်တန်းဆေးဘက် အကြံပေးကလည်း ကပ်ရောဂါရဲ့ အဆိုးဆုံး သီတင်းပတ်တွေ ရောက်တော့မယ်လို့ ပြောဆိုထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပိုကူးစက်လွယ်တဲ့ မျိုးကွဲသစ်ဟာ အခုအခါ ပြည်သူကြားမှာ တိုးမြှင့်ကူးစက်နေပြီး လူအယောက် ၂၀ မှာ တစ်ယောက်နှုန်းနဲ့ လန်ဒန်မှာ ကူးစက်နေပါတယ်။  ဆေးရုံတွေမှာ လူနာတွေနဲ့ ဝန်ပိပြီး ကျန်းမာရေးဝန်ဆောင်မှု မနိုင်မနင်းဖြစ်မယ့် အန္တရာယ် ရှိနေပါတယ်။ ဒါကြောင့် လာမယ့် လလယ်မှာ လူ ၁၅ သန်းကို ကာကွယ်ဆေးထိုးပေးမှာပါ။ ဗြိတိန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အယောက် ၈၁,၀၀၀ ရှိနေပြီး ကမ္ဘာမှာ သေဆုံးသူ ပဉ္စမ အများဆုံးဖြစ်နေတာပါ။ လူ ၃ သန်းကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။  အင်္ဂလန်အနောက်တောင်ပိုင်း ဘရစ္စတိုလ်မြို့က ကာကွယ်ဆေးစင်တာ တစ်ခုကို သွားရာမှာ ဝန်ကြီးချုပ် ဂျွန်ဆင်က အမျိုးသားကျန်မာရေးဝန်ဆောင်မှု ကြုံနေရတဲ့ ခြိမ်းခြောက်မှု၊ အထူးကြပ်မတ်ကုသဆောင် အိုင်စီယူတွေမှာ လိုအပ်ချက် မြင့်လာတဲ့ အနေအထား၊ အသက်ရှူ အားကူစက် ဗန်တီလေတာ တပ်ဆင်နိုင်တဲ့ ခုတင် နည်းနေတဲ့ အခြေအနေနဲ့  တချို့နေရာတွေမှာ အောက်ဆီဂျင် ပြတ်လပ်တာတွေ ရှိတာမို့ ကာကွယ်ဆေးထိုးဖို့ အချိန်လုလုပ်နေရတယ်လို့ ပြောပါတယ်။  လက်ရှိအချိန်အထိ  ဗြိတိန်မှာ လူပေါင်း ၂ ဒသမ ၄ သန်းကို ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်တယ်လို့လည်း ဂျွန်ဆင်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up