Home
မြန်မာသတင်း
အန်အယ်လ်ဒီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တွေ့ဆုံပွဲပျက်  
နော်နိုရင်း
·
January 12, 2021
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ်အဖွဲ့နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် နှစ်ဖက်နေရာ ညှိနှိုင်းလို့ အဆင်မပြေတာကြောင့် ပျက်သွားခဲ့ပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ပါဝင်တဲ့ အန်အယ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေသခံတိုင်းရင်းသားပါတီ တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဇန်နဝါရီ ၁၁ ရက်ကတည်းက ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိလာတာပါ။ ဒီကနေ့မွန်းလွဲပိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ပါတီဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့တွေ့ဆုံဖို့ အန်အယ်လ်ဒီပြည်နယ်ရုံးမှာ စီစဉ်ထားခဲ့တာလို့ ကယားပြည်နယ် အန်အယ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောပါတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူးလည်းဖြစ် တွေ့ဆုံဆွေးနွေးရေး ကော်မီတီ ပြောခွင့်ရသူ  ဦးသဲရယ်ကတော့ တွေ့ဆုံမယ့်နေရာ အဆင်မပြေတာကြောင့် ဆွေးနွေးမယ့်အစီအစဉ် မအောင်မြင်ခဲ့ဖူးလို့ ဒီဗွီဘီကိုပြောပါတယ်။  “မနက်အစောကြီး ဒေါက်တာအောင်မိုးညို ကျနော့်ကို ဖုန်းဆက်တယ်။ ကျနော်က သူတို့ကို ပြောတယ်။ ပါတီကနေ ဆုံးဖြတ်ချက်အရဆိုရင် ကျနော်တို့ပါတီရုံးမှာပဲ လာတွေ့ဖို့၊ တကယ်လို့ ကျနော်တို့ ပါတီရုံးမှာ လာမတွေ့နိုင်ဘူးဆိုရင် တတိယနေရာမှာ တွေ့ကြရအောင်လို့ ကျနော် ပြောတော့ သူက သူ့ပါတီဗဟိုရဲ့ ဆုံးဖြတ်ချက်အရ သူတို့ ပြည်နယ်အန်အယ်လ်ဒီပါတီရုံးမှာပဲ တွေ့ရမယ်လို့ ပြောတဲ့အတွက် သူတို့ကတော့ တခြားနေရာမှာ သွားတွေ့စရာ အကြောင်းမရှိဘူးပေါ့နော်။ အဲဒီတော့ အခု သေချာတာ မဖြစ်တော့ဘူးပေါ့။ မတွေ့ဖြစ်ဘူးဆိုတာက ကျနော်တို့အတွက်လည်း ပြဿနာမရှိဘူးလို့ဆိုပေမဲ့ ကျနော်တို့ ဒီမိုကရက်တစ် အင်အားစုအချင်းချင်း လက်တွဲရမယ့်ကိစ္စတွေမှာ မအောင်မြင်ဘူးလို့ ပြောလို့ရတာပေါ့။ ဒီဟာနဲ့ပတ်သက်ပြီး သူတို့ဘက်ကလည်း ပြန်သုံးသပ်ဖို့ လိုသလို ကျနော်တို့ဘက်ကလည်း ပြန်သုံးသပ်ဖို့ လိုတယ်လို့ ကျနော်ကတော့ ယူဆတယ်”။  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့ အန်အယ်ဒီရုံးမှာ သွားမတွေ့နိုင်ဘဲ တတိယနေရာတစ်ခုမှာ တွေ့ဆုံဖို့ စီစဉ်ရတာဟာ နိုင်ငံရေးအရ၊ ဂုဏ်သိက္ခာအရ စဉ်းစားရတာဖြစ်တယ်လို့လည်း ဦးသဲရယ်က ပြောပါတယ်။  “ကျနော်တို့ပါတီအချင်းချင်းကြားမှာ အပြန်အလှန် လေးစားတဲ့အနေနဲ့ သူ့ဘက် ကိုယ့်ဘက် ဆွဲယူတာမျိုး မဖြစ်သင့်ဘူးလို့ ကျနော်တို့ မြင်တာပဲ။ တတိယနေရာဆိုရင် အားလုံးအတွက် ပိုအဆင်ပြေမယ်၊ လွတ်လွတ်လပ်လပ်လည်း ဖြစ်တာပေါ့။ ကျနော်တို့က မာနကြီးလို့၊ သူတို့ကို အထင်သေးလို့ မဟုတ်ပါဘူး။ နှစ်ဘက်စလုံးအတွက် စဉ်းစားပြီး ရွေးချယ်တာပါ။ သူတို့ရုံးကို သွားဖို့ ဆိုတာကလည်း တချို့ကိစ္စရပ်တွေက နိုင်ငံရေးအရ၊ ဂုဏ်သိက္ခာအရ အများကြီး စဉ်းစားရတဲ့အပိုင်းတွေ ရှိပါတယ်။ ရွေးကောက်ပိုင်းမတိုင်ခင်တုန်းက အန်အယ်လ်ဒီပါတီဘက်က ပြောတဲ့ စကားတချို့အကြောင်းလည်း ရှိတာပေါ့။ ဘယ်တိုင်းရင်းသားပါတီနဲ့မှ မပေါင်းဘူးလို့ ပြောခဲ့တာ ရှိတယ်။ နောက်တခုက တိုင်းရင်းသားအခွင့်အရေးတွေ ရချင်တယ်ဆိုရင် အန်အယ်လ်ဒီ အောက်ကနေ ဝင်ပြီး အန်အယ်လ်ဒီကနေ တောင်းဆိုကြပါဆိုတဲ့ စကားတွေပေါ့နော်။ အခု ကျနော်တို့ တိုင်းရင်းသားပါတီက ခေါ်ယူတွေ့ဆုံပြီး အန်အယ်လ်ဒီ စကားအတိုင်း ကျနော်တို့ လိုက်လုပ်မယ်ဆိုရင် သူတို့ကို ကျနော်တို့က အောက်ကျို့ခံ အညံ့ခံတဲ့ သဘောမျိုးလည်း ဖြစ်သွားနိုင်တယ်။ ”  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့ အန်အယ်ဒီနဲ့တွေဆုံဖို့ ကိုယ်စားလှယ် ၅ ဦးကို ရွေးချယ်ထားပြီး နိုင်ငံရေးကိုအဓိက ဦးစားပေးဆွေးနွေးသွားဖို့ရှိသလို လွှတ်တော်အစိုးရ ဖွဲ့စည်းတဲ့အခါမှာ  ပါဝင်နိုင်ရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိကြောင်းလည်း ဦးသဲရယ်က ပြောပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ကတော့ လွိုင်ကော်မြို့ရှိ ပါတီရုံးမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတာဝန်ရှိသူတွေကို စောင့်နေဆဲဖြစ်ပါတယ်။  အန်အယ်ဒီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားပါတီ ၄၈ ပါတီကိုဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအင်ထုံခါးနော်ဆန်တို့ကို တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အန်အယ်ဒီပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ ကချင်ပြည်နယ်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး မွန်ညီညွတ်ရေး ပါတီနဲ့တွေ့ဆုံဖို့ မွန်ပြည်နယ်ကိုရောက်ရှိချိန်မှာတော့ တွေ့ဆုံမယ့်နေရာကိစ္စကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024