အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များဆွေးနွေးမည့် အချိန်နှင့် နေရာ အတည်မပြုနိုင်သေး
အောင်သူ
·
January 12, 2021
အစိုးရနဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေအကြား ပဏာမအပစ်ရပ်ရေးကိစ္စဆွေးနွေးမယ့် အချိန်နဲ့ နေရာကို အတည်မပြုနိုင်သေးဘူးလို့ ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို ပြောပါတယ်။
ပဏာမအပစ်ရပ်ရေးကိစ္စ အစိုးရအဖွဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမယ့် နေ့ရက်နဲ့နေရာကို သတ်မှတ်ဖို့ ဇန်နဝါရီ ၁၁ ရက် မနက် ၈ နာရီကနေ ညနေ ၆နာရီခွဲလောက်အထိ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပေမယ့် အင်တာနက်အခြေအနေကြောင့် အသေးစိတ်မဆွေးနွေးနိုင်ခဲ့ သလို ဆွေးနွေးမယ့်နေရာနဲ့ အချိန်ကိုလဲ တိတိကျကျမဆုံးဖြတ်နိုင်ခဲ့ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အစိုးရဘက်ကတော့ အခု ဇန်နဝါရီ ၁၆ ရက်နေ့မှာ မြစ်ကြီးနား ဒါမှမဟုတ် ကျိုင်းတုံမှာ နှစ်ဘက်တွေ့ဆုံ ဆွေးနွေးဖို့ကမ်းလှမ်းထားပြီး မြောက်ပိုင်းအဖွဲ့တွေဘက်ကလည်း ဒီလအတွင်းမှာ အမြန်ဆုံးတွေ့နိုင်ဖို့ အတွက် ကြိုးစားနေတယ်လို့ဆိုပါတယ်။
လက်ရှိကာလက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေရှိနေတဲ့ကာလဖြစ်ပြီး မြစ်ကြီးနားမှာလည်း ရောဂါကူးစက်မှု ပျံ့နှံ့ နေဆဲဖြစ်ပါတယ်။
ဒါကြောင့် သွားလာရေးအတွက် အကန့်အသတ်တွေရှိနေပြီး ကွာရန်တင်းဝင်ရမယ့် အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားနေရတာဖြစ်တာလို့ တွေ့ဆုံမယ့်ရက်ကို အတိအကျဆုံးဖြတ်ဖို့ ခက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။