မြစ်ကြီးနား – ကမ်ပိုင်တီးလမ်း ပိတ်
DVB
·
September 16, 2013
ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံအကြား အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းတခု ဖြစ်တဲ့ မြစ်ကြီးနား - ၀ိုင်းမော်- ကမ်ပိုင်တီးလမ်းပိုင်းမှာ စက်တင်ဘာ ၉ ရက်နေ့ကစပြီး မိုးသည်းထန်စွာရွာပြီး မြေပြိုမှုတွေဖြစ်ပွားခဲ့လို့ လမ်းပိတ်ဆို့မှု ဖြစ်နေပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေတယ်လို့ မြစ်ကြီးနားမြို့ခံ ကုန်သည်မခေါင်နော်က ပြောပါတယ်။
ဒီကုန်သွယ်လမ်းဟာ စက်တင်ဘာ ၁၄ ရက်နေ့အထိ ပိတ်ဆို့နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ ထိန်ချုံးမြို့က အင်ဂျင်နီယာတွေအပါအ၀င် တရုတ်လုပ်သား အများအပြား လာရောက်ပြီး လမ်းရှင်းမှုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။
ဒီလမ်းပိုင်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုံးခရိုင်အစိုးရက ဖောက်လုပ် ပေးခဲ့တာဖြစ်ပြီး ကမ်ပိုင်တီးနယ်စပ်စခန်းကိုတော့ အစိုးရနဲ့ အန်ဒီအေ (ကချင်) တပ်ဖွဲ့က အသွင်ပြောင်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။