ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သန်း ၉၀ ကျော်ရှိလာ

84
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ရသူ အရေအတွက်ဟာ ဇန်နဝါရီ ၁၁ ရက်မှာ သန်း ၉၀ ကျော်သွားပါပြီ။
ဗိုင်းရပ်စ် မူကွဲသစ် ကူးစက်နှုန်းကို တိုက်ဖျက်ဖို့ အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက် လော့ဒေါင်းတွေကို ပြန်ချမှတ် သက်တမ်းတိုးရင်း ကာကွယ်ဆေးတွေ ထိုးရင်းနဲ့ ကမ္ဘာ့ နိုင်ငံတွေ ကပ်ရောဂါကို ရုန်းကန် ရင်ဆိုင်နေ ကြရပါတယ်။
ဗြိတိန်နဲ့ တောင်အာဖရိကမှာ ကနဦးတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် မူကွဲသစ်ဟာ ခုတော့ ကမ္ဘာမှာ အမြန် ကူးစက်နေပါတယ်။
ကျန်ခဲ့တဲ့ ၄၈ ရက် မတိုင်ခင်က ကူးစက်ခံ ဦးရေဟာ လက်ရှိစုစုပေါင်း ကူးစက်ခံ ဦးရေရဲ့ သုံးပုံတပုံသာ ရှိတယ်လို့လည်း ရိုက်တာသတင်းဌာနရဲ့ စာရင်းအရ သိရပါတယ်။
ဥရောပမှာ ကျန်ခဲ့တဲ့ သီတင်းပတ်က ကူးစက်ခံ ၂၅ သန်းရှိပြီး ကမ္ဘာ့ အဆိုးဆုံး သက်ရောက်ခံ ဒေသ ဖြစ်နေဆဲပါ။ မြောက်နဲ့ လက်တင်အမေရိကတို့မှာတော့ ကူးစက်ခံ ၂၂ ဒသမ ၄သန်းနဲ့ ၁၆ ဒသမ ၃ သန်းစီ အသီးသီး ရှိနေပါတယ်။
ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံ သေဆုံးသူ ဦးရေရဲ့ ၃၁ ရာခိုင်နှုန်းဟာ ဥရောပက ဖြစ်ပြီး ကူးစက်ခံ ၁ ဒသမ ၉၃သန်း သေဆုံးခဲ့တာပါ။ ဗြိတိန်ကတော့ ဥရောပမှာ ကပ်ဘေး အဆိုးဆုံးသင့်တဲ့ နိုင်ငံဖြစ်ပြီး ဇန်နဝါရီ ၈ ရက်က ကူး စက်ခံ ၃သန်း ကျော်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံကတော့ ကျန်ခဲ့တဲ့ အင်္ဂါနေ့ထိ ကူးစက်ခံ သေဆုံးသူ ဦးရေ ၁ သိန်းခွဲ ကျော်ခဲ့ပြီး ကမ္ဘာ့ တတိယ အဆိုးဆုံး ကပ်ဘေးသင့် နိုင်ငံ ဖြစ်လာပါတယ်။
ခုတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ၂ မျိုးကို အတည်ပြုထားပြီး ဇန်နဝါရီ ၁၆ ရက်က စလို့ နိုင်ငံတဝန်း ကျန်းမာရေးလုပ်သား အယောက် သန်း ၃၀ကို ကာကွယ်ဆေး စတင် ထိုးနှံ ပေးတော့မှာ ဖြစ်ပါတယ်။