Home
မြန်မာသတင်း
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကို အလုပ်လုပ်ခွင့်ကတ်ထုတ်ပေးမည်၊ ဘတ်ငွေ ၁၀,၀၀၀ ခန့်ကုန်ကျနိုင်
DVB
·
January 11, 2021
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ထိုင်းရောက် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဇန်နဝါရီ ၁၅ ရက်ကစပြီး ထိုင်းအစိုးရက  အလုပ်လုပ်ပိုင်ခွင့် လက်မှတ်(ပန်းရောင်ကတ်)တွေ ပြုလုပ်ပေးဖို့ ရှိပြီး  ထိုင်းဘတ်ငွေ ၁၀,၀၀၀ လောက် ကုန်ကျမယ်လို့ သိရပါတယ်။ ထိုင်းအလုပ်သမားဌာနနဲ့ မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ပိုင်ခွင့်လက်မှတ် (ပန်းရောင်ကတ်)ကို ပြုလုပ်ပေးမှာဖြစ်ပြီး ထိုင်းငွေဘတ်  ၉၁၈၀  (မြန်မာကျပ်ငွေ ၄ သိန်းနီးပါး) ပေးရမှာ ဖြစ်ပြီး ရေလုပ်သားတွေကတော့ ဘတ် ၉၃၈၀  ပေးသွင်းရမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား လက်မှတ်လုပ်ဖို့ နယ်စပ်ဖြတ်ကျော်ရမယ့် အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံအတွင်းမှာပဲ အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်ကတ် (ယာယီ)ကို ထိုင်းအစိုးရက တရားဝင် ထုတ်ပေးမှာ ဖြစ်ပါတယ်။  ထိုင်းနိုင်ငံတွင်းက အထောက်အထားမဲ့ အလုပ်သမားတွေကို အလုပ်ခန့်မယ့် ထိုင်းအလုပ်ရှင်တွေအနေနဲ့ လာမယ့် ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အွန်လိုင်းစနစ်နဲ့ အလုပ်သမား အမည်စာရင်း တင်သွားရမှာ ဖြစ်ပါတယ်။ ဧပြီလ ၁၆ ရက်နေ့အတွင်း အမည်စာရင်းတွေပါ အလုပ်သမားတွေဟာ  ကိုဗစ်ရောဂါအပြင် တခြား တားမြစ်ရောဂါ ၆ မျိုးကို ကျန်းမာရေးစစ်ဆေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့  ၂ နှစ်သက်တမ်းရှိ ကျန်းမာရေးကတ် ရပါမယ်။  ကျန်းမာရေးစစ်ဆေးမှု အောင်မြင်သွားပါက Work permit လုပ်ဖို့ အလုပ်သမားရုံးကို စက်တင်ဘာ ၁၃ ရက်အတွင်း အလုပ်လုပ်ခွင့် လျှောက်တင်ရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၂ နေ့ရက်မှာတော့ မိမိနေရပ် မြို့နယ်ရုံးမှ ပန်းရောင်ကတ် လုပ်ပေးမှာဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားအများစုဟာ အလုပ်လုပ်ဖို့အတွက် သွားရလာ ရခက်ခဲနေပြီး မှီခိုမိသားစုတွေ ပန်းရောင်ကတ်လုပ်ဖို့အတွက် ငွေကြေးအခက်ခဲရှိကာ ရည်ရှည် ရပ်တည်နေထိုင်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း အလုပ်သမားတွေက ပြောပါတယ်။  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာနိုင်ငံကို နယ်စပ်တွေကတဆင့် နေ့စဉ်ပြန်လည်ဝင်ရောက်တာတွေလည်း ရှိနေပြီး ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းဝန်းကျင်လောက် ရှိမယ်လို့ အလုပ်သမားအဖွဲ့တွေက ခန့်မှန်းထားပါတယ်။ သတင်း - ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024