Home
မြန်မာသတင်း
အန်အယ်ဒီကိုယ်စားလှယ်အဖွဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ဆွေးနွေးမည်
နော်နိုရင်း
·
January 11, 2021
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်လာဖို့ ရှိနေပါတယ်။ အန်အယ်ဒီပါတီတွေ့ဆုံဆွေးနွေးရေးအဖွဲ့ဟာ ဒီနေ့ ညနေ လွိုင်ကော်ကို ရောက်ရှိမှာဖြစ်ပြီး မနက်ဖြန်မွန်းလွဲ ၂ နာရီလောက်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့တွေ့ဆုံဖို့ရှိတယ်လို့ ကယားပြည်နယ် အန်အယ်ဒီ ပါတီ ဥက္ကဋ္ဌ ဦးသောင်းဌေးက ပြောပါတယ်။ “ညနေမှရောက်မယ်။ မနေ့ညက နေပြည်တော်မှာအိပ်တယ်။ နေပြည်တော်ကနေလာမှာ။ သူတို့အနိုင်ရတဲ့ ကယားဒီမိုကရက်တစ်ပါတီနဲ့တွေ့မှာပေါ့။ မနက်ဖြန်မွန်းလွဲ ၂ နာရီတွေ့မယ်။ သူတို့ကိုအကြောင်းကြားထားတယ်လေ။ လာဖို့များပါတယ်။ အပေါင်းအသင်းပဲလေ။ ပါတီသာ မတူတာလေ။ သူတို့ရဲ့ဆန္ဒသဘောထားကို မေးသွားမှာ၊ ဒါပဲ။ မေးပြီး‌တော့ စီအီးစီမှာ ဗဟို အလုပ်အမှုဆောင်အဖွဲ့တွေ အစည်းအဝေးထိုင်ပြီးတော့မှ လိုတိုးပိုလျော့နဲ့သူတို့ကို လက်တွဲ ခေါ်ဖို့ ဒါတွေ လုပ်နေတာပဲလေ။ လက်တွဲလို့ရတဲ့လူကို လက်တွဲခေါ်သွားမှာလေ။ ဒါပဲပေါ့။ ” အန်အယ်ဒီပါတီဘက်က ဒီလိုဆွေးနွေးဖို့ တယ်လီဖုန်းနဲ့ဆက်သွယ်ထားပြီး ဖြစ်တယ်လို့ ပြောဆိုပေမယ့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူးလည်းဖြစ် တွေ့ဆုံဆွေးနွေးရေး ကော်မီတီ ပြောခွင့်ရသူ  ဦးသဲရယ်ကတော့ အန်အယ်ဒီပါတီဘက်က  တရားဝင် အကြောင်းကြားတာမရှိသေးဘူးလို့ ပြောပါတယ်။ “ကျနော်တို့ ဘာမှမသိရဘူး။ မဆက်သွယ်သေးဘူး။ သူတို့ဆက်သွယ်လာတဲ့အခါကျမှ ကျနော်တို့တွေ့မယ်လေ။ ဒါပေမဲ့ သူတို့မဆက်သွယ်လာဘူးဆိုတော့ ကျနော်တို့ ဘာမှတွေစရာ အကြောင်းမရှိဘူး။” အန်အယ်ဒီပါတီ ကယားပြည်နယ်ဥက္ကဋ္ဌ  ဦးသောင်းဌေးကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့  အန်အယ်ဒီပါတီကိုယ်စားလှယ်အဖွဲ့တို့ ပြည်နယ်ရုံးမှာပဲတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီပြောခွင့်ရသူ ဦးသဲရယ်ကတော့ အဲလိုနေရာမျိုးမှာပဲ ရွေးချယ်တယ်ဆိုရင် စဉ်းစားရမှာဖြစ်ကြောင်း ပြောပါတယ်။ “အဲလိုနေရာမျိုးပဲဆိုရင်တော့ ကျနော်တို့ ပြန်စဉ်းစားရတော့မှာပေါ့။ ကျနော်တို့ အစကတည်းက သူတို့ ရုံးမှာပဲ တွေ့မယ်ဆိုရင် ကျနော်တို့က မတွေ့ဘူးလို့တော့ ကျနော်တို့က သဘောထား အဲလိုကျတယ်လေ။ ဒါပေမဲ့ တကယ်လို့ ချိတ်ဆက်လာလို့ အဲနေရာကိုပဲ သွားလာပေးပါလို့ အဲလို‌ပြောရင်တော့ ကျနော်တို့ပါတီမှာ ပြန်ဆွေးနွေးပြီးတော့မှ သွားသင့်မသွားသင့် ကျနော်တို့ ပြန်ဆုံးဖြတ်ရမှာပေါ့နော်။ ” ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့ အန်အယ်ဒီနဲ့တွေဆုံဖို့ ကိုယ်စားလှယ် ၅ ဦးကို ရွေးချယ်ထားပြီး  နိုင်ငံရေးကိုအဓိက ဦးစားပေးဆွေးနွေးသွားဖို့ရှိသလို လွှတ်တော်အစိုးရ ဖွဲ့စည်းတဲ့အခါမှာ  ပါဝင်နိုင်ရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိကြောင်းလည်း ဦးသဲရယ်က ပြောပါတယ်။ အန်အယ်ဒီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားပါတီ ၄၈ ပါတီကိုဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအင်ထုံခါးနော်ဆန်တို့ကို တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အန်အယ်ဒီပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီနဲ့ ကချင်ပြည်နယ်မှာ သွားရောက် တွေ့ဆုံခဲ့ပြီး မွန်ညီညွတ်ရေး ပါတီနဲ့တွေ့ဆုံဖို့ မွန်ပြည်နယ်ကိုရောက်ရှိချိန်မှာတော့ တွေ့ဆုံမယ့်နေရာကိစ္စကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024