တတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် ဖေဖော်ဝါရီလအတွင်း ခေါ်ယူနိုင်

801
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ပုံမှန်အတိုင်းဆိုရင် ဖေဖော်ဝါရီလ ဒုတိယပတ်ထက် နောက်မကျဘဲ ခေါ်ယူလိမ့်မယ်လို့ ရွေးကောက်ခံ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးက ပြောပါတယ်။
တတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်ကို ဘယ်နေ့စတင်မယ်ဆိုတာ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဆီ တိုင်းလွှတ်တော်ဘက်က ဆက်သွယ်လာတာမရှိသေးပေမယ့် ပုံမှန်အတိုင်း ဆိုရင် ဖေဖော်ဝါရီ ဒုတိယ အပတ်ထက်နောက်မကျဘဲ ခေါ်ယူလိမ့်မယ်လို့ ရွေးကောက်ခံ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ထုမေက ပြောပါတယ်။
ပုံမှန်ဆိုရင် ပြည်သူ့လွှတ်တော်နဲ့ တပြေးညီ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေကို ဆင့်ခေါ်ရမှာဖြစ်ပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ ခေါ်ယူထားတဲ့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေကို ဖေဖော်ဝါရီ ဒုတိယအပတ် ထက် နောက်မကျဘဲခေါ်ယူ လိမ့်မယ်လို့ ဆိုပါတယ်။
တတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်ခေါ်ယူရင် တိုင်းလွှတ်တော်ကို ဦးဆောင်မယ့် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။ အဲ့ဒီကမှ လွှတ်တော်ရေးရာ ကော်မတီတွေ ကို ဖွဲ့စည်းမှာပါ။ နောက်ပိုင်းရက်တွေမှာတော့ ဗဟိုအစိုးရကခန့်အပ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ဒုတိယအကြိမ်ရန်ကုန်တိုင်းလွှတ်တော် ပထမအစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ခေါ်ယူခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးတင်မောင်ထွန်းနဲ့ ဦးလင်းနိုင်မြင့်တို့ကို ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေအဖြစ် တင်မြှောက်ခဲ့ပါတယ်။
အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း နေရာအများစုမှာ အန်အယ်လ်ဒီကပဲ အနိုင်ရခဲ့တဲ့အတွက် တတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌကိုလည်း အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေထဲကပဲ ရွေးကောက်တင်မြှောက်လာဖို့ရှိပါတယ်။