Homeမြန်မာသတင်း
မကွေးတိုင်းတွင် ကေတီဗွီ၊ အနှိပ်ခန်း အပါအဝင် ကိုဗစ်-၁၉ စည်းကမ်းဖောက်ဖျက်မှု ၂၈ မှု အရေးယူထား
မကွေးတိုင်းတွင် ကေတီဗွီ၊ အနှိပ်ခန်း အပါအဝင် ကိုဗစ်-၁၉ စည်းကမ်းဖောက်ဖျက်မှု ၂၈ မှု အရေးယူထား
DVB
·
January 11, 2021
မကွေးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း ကေတီဗွီ၊ အနှိပ်ခန်းတွေအပါဝင် ကိုဗစ်-၁၉ စည်းကမ်းချိုးဖောက်တဲ့ အမှုပေါင်း ၂၈ မှု အရေးယူထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ကိုဗစ်ကာလအတွင်း ကေတီဗွီ၊ အနှိပ်ခန်းတွေအပါအဝင် စည်းကမ်းဖောက်ဖျက်တဲ့သူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅ ၊ ပုဒ်မ ၃၀ နဲ့ အရေးယူတဲ့အမှုပေါင်း ၂၈ မှု ရှိတယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထိန်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ကေတီဗွီ အနှိပ်ခန်းတွေ အရေးယူတဲ့အမှု ၄ မှုအပါဝင် စည်းကမ်းဖောက်ဖျက်တဲ့အမှု ၂၅ မှုကို ပုဒ်မ ၂၅ နဲ့အရေးယူပြီး တခြားစည်းကမ်းချိုးဖောက်မှု ၃ မှုကိုတော့ ပုဒ်မ ၃၀ နဲ့ အရေးယူခဲ့တာလို့ဆိုပါတယ်။
ဒုတိယရဲမှူးကြီး ထိန်ဝင်းက "သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ ဟာ အာမခံပေးလို့မရဘဲ ပြစ်ဒဏ်များတယ် ၊ ပုဒ်မ ၃၀ ကတော့ အာမခံပေးလို့ရပြီး ပြစ်ဒဏ်နည်းကာ ပြစ်မှုကျူးလွန်တဲ့ အပေါ်မူတည်ပြီးတော့ အရေးယူတာဖြစ်တယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ဥပဒေတွေကို ပိုပြီးတော့ လိုက်နာအောင်ရည်ရွယ်ကာ ယခုနောက်ပိုင်းမှာ ပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူတာ ပိုများတယ်လို့လည်း ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူထားတဲ့ အမှုတွေကတော့ မကွေးခရိုင်မှာ ၁၇ မှု၊ ပခုက္ကူခရိုင်မှာ ၄ မှု၊ ဂန့်ဂေါခရိုင်မှာ ၃ မှု၊ မင်းဘူးခရိုင်မှာ ၂ မှု နဲ့ သရက်ခရိုင်မှာ ၁ မှု ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၂၀ စက်တင်ဘာ ၁၄ ရက်မှ ၂၀၂၁ ဇန်နဝါရီ ၁၀ ရက်အထိ ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၁၅၈ ယောက်ကို အရေးယူထားတယ်လို့လည်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ထိန်ဝင်းက " မှုခင်းကြိုတင်ကာကွယ်ရေးနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်အောင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီးတော့ ဖောက်ဖျက်ကျူးလွန်တဲ့သူတွေကို သက်ဆိုင်ရာဌာနက တရားလိုပြုလုပ်ပြီး အမှုပေါင်း ၁၅၈ မှုအရေးယူထားတယ်” လို့ ပြောပါတယ်။
အဲဒီအမှုတွေကတော့ မကွေးခရိုင်မှာ ၁၅၄ မှု၊ ဂန့်ဂေါခရိုင်မှာ ၃ မှုနဲ့ ပခုက္ကူခရိုင်မှာ ၁ မှု အရေးယူထားကာ မင်းဘူးခရိုင်နဲ့ သရက်ခရိုင်ကတော့ အရေးယူတဲ့အမှုမရှိဘဲ မကွေးခရိုင်မှာ အများဆုံးအရေးယူထားတာလို့ ဆိုပါတယ်။
ညမထွက်ရအမိန်နဲ့ အရေးယူတာတွေရှိပေမယ့်လည်း အရေးပေါ်အခြေအနေ၊ ကျန်းမာရေး ကိစ္စတွေနဲ့ မဖြစ်မနေသွားလာရတဲ့သူတွေကိုတော့ အရေးမယူဘဲ အကူညီပေးခဲ့တယ်လို့လည်း တိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်တဲ့သူတွေကိုတော့ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်အရေးယူထားပြီး ၁၄၃ ယောက်ကို တရားစွဲဆိုထားကာ၊ ၁၅ ယောက်ကိုတော့ တရားစွဲဖို့ စီစဉ်နေတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မင်းထီး