Homeမြန်မာသတင်းဆေးရုံရောက်နောက်ကျမှုကြောင့် ကိုဗစ်-၁၉ သေဆုံးလူနာ ၃၃ ရာခိုင်နှုန်းခန့်ရှိ
ကိုဗစ်-၁၉ သေဆုံးလူနာတွေထဲမှာ ၃၃ ရာခိုင်နှုန်းလောက်က ဆေးရုံရောက်တာ နောက်ကျတာကြောင့် သေဆုံးသွားတာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတာဝန်ရှိသူတွေက သုံးသပ်ပြောကြားပါတယ်။
ကိုဗစ်-၁၉ သေဆုံးလူနာတွေထဲမှာ ရောဂါအခံရှိလို့ သေဆုံးရသူတွေရှိသလို ရောဂါအခံမရှိဘဲနဲ့လည်း ကိုဗစ်-၁၉ ရောဂါတစ်ခုတည်းကြောင့် သေဆုံးရသူတွေလည်း ရှိနေပါတယ်။ အဲ့ဒီအပြင် ဆေးရုံကိုရောက်တာ နောက်ကျလို့ ကုသချိန်မမီတော့ဘဲ သေဆုံးမှုတွေလည်း ရှိနေတာပါ။
သေဆုံးပြီးမှ ဆေးရုံရောက်လာလို့ ကိုဗစ်-၁၉ စစ်ရာက ရောဂါတွေ့ရှိသူတွေက ၁၁ ရာခိုင်နှုန်းနဲ့ ရောဂါပြင်းထန်လို့ ကုသချိန်မမီတော့ဘဲ ၁ ရက်အတွင်းသေဆုံးရသူက ၂၂ ရာခိုင်နှုန်းရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ရောဂါအခံကြောင့် သေဆုံးသူ ၈၅ ရာခိုင်နှုန်းနဲ့ ရောဂါအခံမရှိဘဲ သေဆုံသူက ၁၅ ရာခိုင်နှုန်းရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အတည်ပြုလူနာ သေဆုံးမှု လျော့ကျဖို့အတွက် သံသယလက္ခဏာတွေ ခံစားလာရတာနဲ့ ဆေးရုံကို အမြန်ပြဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်-၁၉ သေဆုံးလူနာ ၂၈၂၆ ဦးရှိနေပါပြီ။ အဲ့ဒီသေဆုံးလူနာတွေထဲမှာ အသက်အငယ်ဆုံးအနေနဲ့ ၁ လသားအရွယ် ကလေးငယ်လည်း ပါသလို အသက်အကြီးဆုံးအနေနဲ့ ၁၁၃ နှစ်ရှိသူလည်း ပါဝင်နေပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၀,၀၄၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်းက ၁၁၃,၅၅၀ ယောက်ရှိပြီလို့ သိရပါတယ်။
သင်းသင်းဇော်