ခိုလိုခွင့်စနစ်ပြုပြင်ရေး အသက်မဝင်ရန်  ကယ်လီဖိုးနီးယားပြည်ထောင်စုတရားသူကြီး တားမြစ်

အမေရိကန် ခိုလှုံခွင့်စနစ် အလုံးစုံ ပြုပြင်ပြောင်းလဲရေး စည်းမျဉ်းအသက်ဝင်မလာအောင် ကယ်လီဖိုးနီးယားပြည်နယ်က ပြည်ထောင်စုတရားသူကြီးက တားမြစ်ပိတ်ဆို့လိုက်ပါတယ်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ပြန်ပြီး ပုံစံပြောင်းထားတဲ့ အမေရိကန် ခိုလှုံခွင့်စနစ်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေ အမေရိကန်နိုင်ငံထဲမှာ ခိုလှုံခွင့်ကို ကန့်သတ် ထားပါတယ်။  ထရမ့်အစိုးရက  သူ့ရဲ့ တင်းမာတဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒတွေ ပိုခိုင်မာအောင် နောက်ဆုံးအချိန်ထိ ကြိုးစားနေပေမဲ့ တရားသူကြီးရဲ့ တရားဝင် တားမြစ်မိန့်က အားထုတ်မှုတွေကို လျော့ပါးစေခဲ့တာပါ။  ထရမ့်အစိုးရက ခိုလှုံခွင့်ဆိုင်ရာ စည်းမျဉ်းတွေကို ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပြီး ဇန်နဝါရီ ၁၁ ရက်မှာ စတင် အသက်ဝင်မှာပါ။  ဒါပေမဲ့ ဒီစည်းမျဉ်းကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ Pangea Legal Services နဲ့ Immigration Equality အုပ်စုတွေက လျှောက်ထား ကြိုးစားထားတဲ့အတိုင်း ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းခရိုင်တရားသူကြီး ဂျိမ်းစ်ဒိုနာတိုက တားမြစ်မိန့် ထုတ်ပေးလိုက်ပါတယ်။  စည်းမျဉ်းမူဝါဒ ပြောင်းလဲရေး အခွင့်အာဏာ ပေးခဲ့တဲ့ အမေရိကန်အမိမြေလုံခြုံရေး ဝန်ကြီးဌာန ယာယီဝန်ကြီးကို တရားဝင် ရာထူး မခန့် အပ်ရသေးတဲ့ အချက်ကို ထောက်ပြပြီး မူဝါဒ သြဇာ မသက်ရောက်အောင် ပိတ်ဆို့ ခဲ့ကြတာလည်း ဖြစ်ပါတယ်။  နောက်ဆုံး စည်းမျဉ်းဟာ ခွင့်ပြုနိုင်တဲ့ စံသတ်မှတ်ချက်တွေ ပြောင်းနေတဲ့ ကြားက အမေရိကန် မက်ဆီကိုနယ်စပ်ကနေ ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အများစု အတွက် ခိုလှုံခွင့် မရအောင် ဟန့်တားထားတယ်လို့ ပညာရှင်တွေက ပြောပါတယ်။  ဒ့ါအပြင် ခိုလှုံခွင့် တောင်းခံရတဲ့ ကျယ်ပြန့်တဲ့ အကြောင်းရင်းတွေကို ငြင်းဖို့ ခိုလှုံခွင့် လက်ခံရေး အရာရှိတွေနဲ့ လူဝင်မှုကြီးကြပ်ရေး တရားသူကြီးတွေကို ညွှန်ကြား ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up