အသင်းကို အများကြီး ပြုပြင်ရဦးမည်ဟု ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုပြော

ဘရက်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် အသင်းမှာ ပြုပြင်စရာတွေ အများကြီးရှိသေးတယ်လို့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက ပြောပါတယ်။  ဒီပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် တိုက်စစ်မှူးမွိုက်ကိန်းက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ အီကာဒီနဲ့ ဆာရာဘီးယားတို့ကလည်း နောက်ထပ်ဂိုးတွေ ထပ်သွင်းခဲ့ပါတယ်။  ဒါဟာ ပိုချက်တီနိုရဲ့ ဒုတိယမြောက်ပွဲဖြစ်ပြီး ပွဲဦးထွက်မှာတော့ စိန့်အက်တီယန်ကို ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ စနေနေ့ နိုင်ပွဲကြောင့် လက်ရှိ ချန်ပီယံပီအက်စ်ဂျီအသင်းဟာ ဇယားကိုဦးဆောင်နေတဲ့ လိုင်ယွန်အသင်းနဲ့ ၁ မှတ်အကွာအနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီပွဲကို သက်သောင့်သက်သာအနိုင်ရရှိခဲ့ပေမယ့် အသင်းမှာ တိုးတက်စရာတွေ အများကြီးရှိနေသေးတယ်လို့ ပိုချက်တီနိုက ပြောပါတယ်။  “ရလဒ်အတွက်ကျေနပ်မိပါတယ်။ ဒါဟာ ကစားသမားအားလုံးရဲ့ ကြိုးစားမှုအသီးအပွင့်ပါ။ ဒါ့ပေမယ့် အသင်းမှာ နောက်ထပ်လုပ်စရာအများကြီး ကျန်နေပါသေးတယ်။ ဒါ့ကြောင့် အမြင့်ဆုံးအဆင့်နဲ့ ကြိုးစားမှုတွေကို ဆက်လုပ်ရပါဦးမယ်။” ဒီပွဲမှာအသင်းရဲ့ အဓိကတိုက်စစ်မှူး အမ်ဘာပေဟာ ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး သူ့ကန်ချက် ၃ ကြိမ်လုံးဟာ ဂိုးအဖြစ်မပြောင်းလဲခဲ့ပါဘူး။ ဒါပေမယ့် ပြင်သစ်လက်ရွေးစင်ဟာ ဆာရာဘီယားရဲ့ဂိုး ကို လှလှပပဖန်တီးပေးနိုင်ခဲ့ပါတယ်။ အမ်ဘာပေနဲ့ ပတ်သက်လို့ ပိုချက်တီနိုက “အမ်ဘာပေဟာ ကောင်းမွန်တဲ့အရာတွေကို လုပ်ပြနိုင်ခဲ့ပါတယ်။ သူအခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးတော့မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူဒီပွဲကို ကောင်းကောင်းကစား နိုင်ခဲ့ပါတယ်” လို့ပြောပါတယ်။  ဒီပွဲမှာ ပီအက်စ်ဂျီဟာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ဒသမ ၉ အထိ ရရှိခဲ့ပြီး အခွင့်အရေးဖန်တီးမှုလည်း ၁၁ ကြိမ်ရှိခဲ့ပါတယ်။ ဒါဟာ နည်းပြဟောင်း တူချယ်ရဲ့ ၆၃ ဒသမ ၉ ရာခိုင်နှုန်းထက်နည်းပါးနေပေမယ့် ၂ ပွဲကစားပြီးချိန်မှာ ပိုချက်တီနိုရဲ့ ကစားကွက်စတိုင်ကို ရှင်းရှင်းလင်း မြင်လာရပြီလို့ ဆာရာဘီးယားက ပြောပါတယ်။ “သူက ကျနော်တို့ကို ဘောလုံးကိုင်ပြီး ပြိုင်ဘက်ကို မတည်အငြိမ်ဖြစ်အောင်လုပ်စေချင်ပါတယ်။ သူဟာ ဖိအားပေးမှုတွေပြုလုပ်ဖို့ ကျနော်တို့ကိုလည်း တောင်းဆိုပါတယ်။ ဒီဖိအားပေးမှုက အရမ်းမြင့်လွန်းပါတယ်။ ဒါပေမယ့် အကောင်းဆုံးအရာတွေကို လုပ်ဆောင်ဖို့ နည်းပြရဲ့အိုင်ဒီယာတွေကို သိမြင်နေဖို့ဆိုတာ အရေးပါပါတယ်။”   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up