Homeမြန်မာသတင်းစစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်နှင့်ဇနီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရ
စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးခင်ညွန့်နဲ့ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောပါတယ်။
မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက် နဝဒေးလမ်း၊ အမှတ် ၂၇ မှာနေထိုင်တဲ့ ဦးခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ ရောဂါဘယ်လိုကူးစက်ခံရလဲဆိုတာ မသိရဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"ဟုတ်တယ်။ ဟုတ်တယ်ဗျ။ သူတို့က ခြံနဲ့ဝင်းနဲ့ကျတော့ အလုံပိတ်ကြီးတွေကိုး။ ဘယ်လို ကူးစက်လဲတော့ မသိဘူးဗျ။ သူတို့တွေနဲ့ ကျနော်တို့က အဆက်ပြတ်တယ်လေ။ ဝင်းနဲ့ခြံနဲ့ ဝင်လို့တောင်မလွယ်ဘူး။" လို့ပြောပါတယ်။
မရမ်းကုန်းမြို့နယ်မှာ ၇ ရက်နေ့ အတည်ပြုလူနာစာရင်းအရ လူနာ ၇ ယောက်ထဲက ၂ ယောက်မှာ ဦးခင်ညွန့်နဲ့ ဇနီးတို့ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်ကိုဗစ်ကော်မတီက သိရပါတယ်။
လူမှုကွန်ရက်သတင်းတွေအရတော့ ဦးခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ဟာ ဘုရားဖူးထွက်ဖို့ လှိုင်သာယာက ပန်းလှိုင်ဆေးရုံမှာ ဆေးစစ်ရာက ရောဂါပိုးတွေ့ခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာတော့ ပန်းလှိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်း ဦးထွန်းချစ်က ပြောပါတယ်။