A d v e r t i s e m e n t With Us

တွမ်မီနေးအတွက် အရမ်းကောင်းတဲ့ရာသီပဲ၊ ဘာလို့လဲဆို သူဟာ လူ့ဘီလူးကြီးဖြစ်နေလို့ပါ – ဆိုးရှားလ်

စကော့တလန်ကွင်းလယ်လူ မက်တွမ်မီနေးဟာ လူ့ဘီလူးကြီးဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက် နည်းပြဆိုးလ်ရှားက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။  စနေနေ့ ဝက်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အခုလိုမျိုး ချီးကျူးခဲ့တာပါ။ ဒီပွဲမှာ တွမ်မီနေးဟာ အသင်းတွက် ၁ လုံးတည်းသော ဂိုးကို ပွဲချိန် ၅ မိနစ်မှာ ခေါင်းတိုက်သွင်း ယူပေးခဲ့ပါတယ်။  ဒီရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား စတုထ္တအဆင့်ကို တက်ရောက်သွားပါတယ်။  ဒါ့ကြောင့် ဒီရာသီ တွမ်မီနေးရဲ့သွင်းဂိုး အရေအတွက်ဟာ ၄ ဂိုးအထိရှိလာပြီး ဒါဟာ သူ့ ကစားသမားဘဝ ဂိုးသွင်းအများဆုံးအရေအတွက်ထက် ၁ ဂိုးသာ နည်းပါတော့တယ်။    ဝက်ဖို့ဒ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ ပွဲထွက်ကစားသမားအများစုကို အနားပေးထားပြီး တွမ်မီနေးဟာလည်း ပထမဆုံးအကြိမ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။  ပွဲအပြီး BBC  သတင်းနဲ့  တွေ့ဆုံရာမှာ ဆိုးလ်ရှားက အသင်းအကယ်ဒမီထွက်ကစားသမားအပေါ် အကြီးအကျယ်ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။  “တွမ်မီနေးအတွက် အရမ်းကောင်းတဲ့ရာသီပဲ။ သူ box-to-box ကွင်းလယ်လူအဖြစ် ကစားနိုင်တာကို ကျနော်တို့သိလာရပြီး သူဟာ အရင်ကထက်လည်း ပိုကြောက်ဖို့ ကောင်းလာပါတယ်။ သူဟာ အရင်ကတည်းက ဒီလိုမျိုး set-plays တွေကနေဂိုးတွေ ရရှိခဲ့သင့်ပါတယ်။ ဘာလို့လဲဆို သူဟာ လူ့ဘီလူး ကြီးဖြစ်နေလို့ပါ။ သူဂိုးရရှိခဲ့တဲ့အပေါ် အရမ်းကို ပျော်ရွှင်မိပါတယ်။”      နိုင်ပွဲနဲ့နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တာကို ဝမ်းသာမိပေမယ့် ဒီပွဲမှာ သူ့အသင်းဟာ ပွဲချိန်အစောပိုင်းမှာသာ ပွဲကို စိုးမိုးနိုင်ခဲ့တယ်လို့ ဆိုးလ်ရှားက ဝန်ခံပါတယ်။  “အရေးကြီးဆုံးအရာက နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါပဲ။ ဒီရလဒ်ကြောင့် အားလုံးလည်း ပျော်ရွှင်ရပါတယ်။ ဒါပေမယ့် ပွဲအစ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကသာ ဒီပွဲရဲ့အသက်လို့ ပြောရပါတယ်။ ကျနော်တို့ ကောင်းကောင်းစတင်နိုင်ပြီး အခွင့်ရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ ပြိုင်ဘက်ကို အခွင့်အရေးတစ်ချို့ပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်” လို့ ယူနိုက်တက်နည်းပြက ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ ၁၃ ရက်နေ့ မနက်အစောပိုင်းမှ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကစားရဖို့ရှိနေပြီး ရှုပ်ထွေးတဲ့ပွဲ စဉ်အခြေအနေတွေကြောင့် အသင်းလူစာရင်းကို အပြောင်းအလဲလုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ဆိုးလ်ရှားက  ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up