Home
မေးမြန်းခန်း
မြန်မာလူဦးရေစာရင်းကောက်ယူမှု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ မေးမြန်းချက်
အေးနိုင်
·
September 11, 2013
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်မှာ နိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်။ ရခိုင်ပြည်နယ်တွင်း လူဦးရေစာရင်းကောက်ယူနေမှု၊ မလေးရှားရောက် မြန်မာတွေကို နိုင်ငံသားဖြစ်မဖြစ် စစ်ဆေးရေး စတာတွေနဲ့ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို မေးမြန်းထားပါတယ်။ [caption id="attachment_31386" align="alignleft" width="300" caption="လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ"][/caption] မေး-ရခိုင်မှာ အခု ပြန်ပြီးတော့ ဆွဲတင်စစ်ပရိုဂရမ် အစစ်ကြီးတော့ မဟုတ်သေးဘူးပေါ့။ အောက်ခြေမှာ ကောက်ယူနေတာရှိပါတယ်။ အဲဒါ ဘယ်လို အဆင့်မျိုးပါလဲ ခင်ဗျာ။ ဖြေ-  ဆွဲတင်စစ်တော့ မဟုတ်ဘူးပေါ့။ ဆွဲတင်စစ်ဆိုတာ အရင် နစက (နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုအဖွဲ့) ရှိတုန်းက သုံးတာပေါ့။ အခုကတော့ အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေးခြင်းနဲ့ သန်းခေါင်စာရင်း အတွက် ကျနော်တို့ ပိုက်လော့ ဧရိယာ သတ်မှတ်ပြီးတော့ လုပ်မယ့်ဟာပါ။ အဲဒီဟာကတော့ ကျနော်ဒီလာမယ့် ဒီလိုနေ့မှာပဲ ကျနော်ထင်တယ် ရွာတွေမှာ တချို့ ဖြစ်နိုင်တဲ့ရွာတွေမှာ ကျနော်တို့ဆီက ဒီဂျီ (ညွန်ချုပ်) တို့ဘာတို့ဆင်းပြီးတော့ ဟောပြော နေပါပြီ။ အဆင်ပြေရင်တော့ ကျနော်တို့ စမှာပါ။ အစမ်းကောက်နေတာ လက်မခံလို့ ရပ်ထားရတာပေါ့။ နောက်ဆုံးကောက်တာတော့ ၂၀၁၃ ဧပြီလ ၂၆ ရက်နေ့ အဲဒီတုန်းက နောက်ဆုံးကောက်ခဲ့တာ။ အဲဒီတုန်းကလည်း အဲလိုပဲ သက်ကယ်ပြင်မှာ ပြသနာတက်လို့ ကျနော်တို့ ရပ်ထားတာပေါ့။ အခုတော့ ကျနော်တို့ ပြန်ကောက်ဖို့ လုပ်နေတယ်။ အခုတော့ ကျနော်တို့ ဆင်းဆင်းပြီး ရှင်းပြတယ်။ ဘာဖြစ်လို့လည်းဆို အခု ကျနော်တို့ ကောက်တဲ့ အိမ်ထောင်စုဝင်လူဦးရေ စာရင်းစစ်ဆးရေး လုပ်ငန်းသည် ရည်ရွယ်ချက်ကို ရှင်းပြတာပေါ့။ ဒါက ကျနော်တို့ နိုင်ငံတွင်းမှာ ရှိတဲ့လူတွေရဲ့ up to date (အချိန်နဲ့တပြေးညီ) ဒေတာ (အချက်အလက်) ကိုကောက်တာ။ အခု မွေးတဲ့ခလေးတွေ bird certificate (မွေးစာရင်း) မရှိသေးရင် ပေးမှာပေါ့။ သေတဲ့လူရှိရင် အချို့ စာရင်းလျှော့ချင်မှလျှော့မှာပေါ့။ ပြောင်းနေလို့ရှိရင် တိုးမှာပေါ့။ ဒီနိုင်ငံထဲမှာ တယောက်နဲ့ တယောက် ပြောင်းကြတာပေါ့။ ဆိုလိုတဲ့သဘောက up to date data (နောက်ဆုံးရရှိတဲ့ အချက်အလက်) ဖြစ်အောင်လုပ်တာ။ ဒီဥစ္စာကို တချို့က နားလည်မှုလွဲတဲ့အခါကျတော့လည်း အမျိုးမျိုးတွေ ဖြစ်ပြီးတော့ အကောက်မခံတာမျိုးတွေ။ ရည်ရွယ်ချက်တွေအမျိုးမျိုးရှိမှာပေါ့။ မေး-၀န်ကြီးတို့ပြောတာတော့ ဘင်္ဂါလီ။ သူတို့ကိုယ်သူတို့ပြောတာကတော့ ရိုဟင်ဂျာ။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အခုလုပ်နေတဲ့အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှုကို ဘယ်လောက် ဖြေသိမ့်နိုင်မလဲခင်ဗျ။ ဖြေ- ကျနော်တို့ အမြဲတမ်းပြောသလိုပေါ့နော်။ လူမျိုး ၁၃၅ မျိုးမှာတော့ ခင်ဗျားတို့လည်း သိတာပဲ။ ရိုဟင်ဂျာဆိုတာ မရှိဘူး။ မရှိတော့ ရိုဟင်ဂျာဟာ ကျနော်တို့ လူမျိုးထဲမှာ မပါဘူးလို့ ကျနော်တို့ တရားဝင် ပြောပြီးသားပေါ့။ ခုကောက်မယ့် အိမ်ထောင်စုဝင် လူဦးရောစာရင်းမှာလည်း ဒီဥစ္စာနဲ့ ပြသနာရှိမယ်ဆိုရင် ကျနော်တို့က ခိုးဝင်တဲ့သူရှိမရှိဆိုတဲ့အချက်ကို အဓိကထား စစ်တာဖြစ်တဲ့ အတွက်ကြောင့် ဒီဥစ္စာကို တစ်နည်းတစ်ဖုံစဉ်းစားရမှာပေါ့။ ဒီအပိုဒ်ကို ဖယ်ချင်လည်း ဖယ်ထားလိုက်မှာပေါ့။ အဓိကက ဒီမှာရှိတဲ့လူတွေ လူဘယ်လောက်ရှိနေသလဲ။ သန်းခေါင်စာရင်း ဆိုတာကတော့ ကျနော်တို့ နိုင်ငံရေးနဲ့ မဆိုင်ဘူး။ စစ်ရေးနဲ့လည်းဆိုင်တာ မဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပဲ သက်သက်ဆိုင်တယ်ဆိုတော့ ခင်ဗျား ဘာဖြစ်ခြင်းညာဖြစ်ခြင်း ဆိုတာထက် ဒီဒေသမှာ လူဘယ်လောက်ရှိနေလဲ။ ယောက်ကျားဘယ်လောက်ရှိလဲ၊ မိန်းမ ဘယ်လောက်ရှိလဲ။ ပညာရှင် ဘယ်လောက်ရှိနေလဲ။ စတဲ့အချက်တွေပေါ်မှာ နိုင်ငံတော်ကနေပြီးတော့ လက်ရှိနဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ဆွဲဖို့ဖြစ်တဲ့ အတွက်ကြောင့် အဲဒီကိစ္စက သိပ်အရေး မကြီးဘူး။ ကျနော်တို့က ကျနော်တို့ (၁၃၅) မျိုးထဲမှာ မပါတဲ့ လူမျိုးတွေအားလုံးကို အခြားထဲမှာ ထည့်ဆွဲသွားမှာပေါ့။ ကျနော်တို့အတွက် စိုးရိမ်စရာ မရှိပါဘူး။ မေး-အခုမလေးရှားမှာ မြန်မာသိန်းနဲ့ချီရှိနေတယ်။ မလေးအစိုးရက တရားမ၀င်နေထိုင်သူ ငါးသိန်းဖမ်းမယ်လို့ ပြောနေတယ်။ မြန်မာတွေ လေဘာသက်တမ်းကုန်တာ ဗီဇာသက်တမ်း ကုန်တာရှိသလို တရားမ၀င်နေသူတွေရှိတယ် အဲဒီသူတွေ နိုင်ငံသားဖြစ်ရင် ပြန်လာလို့ရတယ်ဆိုတော့ နိုင်ငံသားဖြစ်ရေး မဖြစ်ရေးကို ဘယ်လိုစိစစ်မလဲခင်ဗျာ ဖြေ-ပြည်ပမှာရောက်နေတဲ့ အလုပ်သမားတွေနဲ့ပတ်သက်တဲ့ ဌာန ။ ပြည်ထဲရေးရယ်။ ကျနော်တို့ရယ်၊ နောက် အလုပ်သမားရယ် ပေါင်းလုပ်နေတာပေါ့နော်။ ကျနော်တို့က တော့ နိုင်ငံသားဖြစ်ရေးကိစ္စနဲ့ဆိုင်တာပေါ့။ ဟိုမှာရှိတဲ့ပုဂ္ဂိုလ်သည် နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေးဆိုတာ ဟိုမှာ မောင်ဖြူဆိုပါစို့ဗျာ။ မောင်ဖြူလို့ အကြောင်းကြားရင် ကျနော်တို့မှာရှိတဲ့စာရင်းနဲ့ မောင်ဖြူသည် နိုင်ငံသားဟုတ်မဟုတ် လက်ခံစာရင်းနဲ့ တိုက်ကြည့်လိုက်တာပေါ့။ တိုက်ပြီး ကျနော်တို့က မြန်မာနိုင်ငံသားဖြစ်ပါတယ်ဆိုတာကို ပတ်စပို့ထုတ်ပေးမယ့်စက်ရှင်ကို ပေးလိုက်တာပဲ။ ပတ်စပို့တ်ဆိုတာကတော့ နိုင်ငံကူးလက်မှတ်ဆိုတာ နိုင်ငံသားကိုပဲ ပေးတာပဲလေ။ ကျနော်တို့တာဝန်ကတော့ နိုင်ငံသားဖြစ်ရေး မဖြစ်ရေး ဆုံးဖြတ်ပေးဖို့သက်သက်ပဲ။ ဆုံးဖြတ်ပေးဖို့ဆိုတာလည်း ခင်ဗျားပြောချင်တဲ့ဟာတွေအကုန်လုံး ကျနော်တို့မှာ လက်ခံစာရင်းရှိပြီးသား မောင်ဖြူလို့ပြောလိုက်ရင် မောင်ဖြူသည် အဖေဘယ်သူလဲ၊ အမေဘယ်လူလဲ၊ ဘာလူမျိုးလဲ၊ ဘယ်မှာနေလဲဆိုတာ ဒီ မှတ်တမ်း (ရီကော့ဒ်) တွေ ဘိုးစဉ်ဘောင်ဆက် ရီကော့ဒ်တွေက ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် အချက်တစ်ချက်ပေးတာနဲ့ ကျနော်တို့က စီစစ်လို့ရတယ်၊ နော် ဟုတ်လား။ သူက နာမည်သာမှန်ပါစေ မောင်ဖြူကို မောင်ဘလို့ ပြောနေရင်တော့ စစ်ဆေးရတာ ခက်တာပေါ့။ ကျနော်တို့က နိုင်ငံသား စိစစ်ရေးကိစ္စတစ်ခုပဲလုပ်ပေးတယ်။ မေး-တနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရေးဟာ ၂၀၁၄မှာလုပ်မယ်။ အဲဒီအလုပ်ရဲ့ နောက်ဆုံးဖြစ်ထွန်းမှုကို ပြောပြပါ။ ဖြေ- သန်းခေါင်စာရင်းက ၂၀၁၄ မှာကောက်မှာပေါ့နော်။ အဲဒါကို ကျနော်တို့က အပိုင်းလေးပိုင်းနဲ့လုပ်နေပါတယ်။ ပထမပိုင်းက ကြိုတင်ပြင်ဆင်တဲ့အပိုင်းပါ။ ဒါကတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ၁၉၈၃ က နောက်ဆုံး တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ကောက်ခဲ့တယ်ဆိုတော့ နှစ်ပေါင်းသုံးဆယ်ကြာသွားပြီ။ အဲတော့ ကြိုတင်ပြင်ဆင်ရေးကို ကျနော်တို့ အချိန်အများကြီးယူလိုက်တယ်။ ကျနော်တို့က အဲဒီကောင်ကို သုံးဆယ့်ငါး) လောက် ယူလိုက်တယ်။ ကြိုတင်ပြင်ဆင်ရေးပြီးရင် မြေပြင်မှာ ဆင်းကောက်တဲ့အပိုင်း အဲဒါက မတ်လ ၃၀ ရက်နေ့ကနေပြီးတော့ ဧပြီလ ၁၀ ရက်နေ့ထိ (၁၂) ရက်လုပ်ပါမယ်။ တစ်တိုင်းပြည်လုံးမှာ အကြမ်းဖျဉ်း လူဦးရေက သန်းခြောက်ဆယ်ကျော်ရှိတယ်။ အိမ်ထောင်စု (၁၁) သန်းရှိတယ်။ အိမ်ထောင်စု (၁၀၀) (၁၅၀) လောက်ကို စာရင်းကောက်ကွက် တစ်ကွက် သတ်မှတ်လိုက်တာပေါ့ အကြမ်းဖျဉ်း။ အဲလို သတ်မှတ်လိုက်လို့ရှိရင် အဲဒီကောက်ကွက် တစ်ကွက်မှာ စာရင်းကောက်မယ့်သူ တစ်ယောက်ကောက်မယ်။ သူ့ပေါ်မှာ ကြီးကြပ်တဲ့သူရှိတယ်။ ကောက်မယ့်သူက တစ်သိန်း မှန်းခြေရှိတယ်။ ကောက်ကွက်က တစ်သိန်းရှိတာကိုး။ သူ့ကို ကြီးကြပ်မယ့်သူက ငါးကွက်မှာ တစ်ယောက်ဆိုတော့ နှစ်သောင်းလောက်ရှိတယ်။ တစ်သိန်းနှစ်သောင်းလောက်နဲ့လုပ်မှာ။ အဲဒီတော့ စာရင်းကောက်ဖို့ အတွက် ကြိုတင်ပြင်ဆင်ရေးတွေလုပ်လာတာ တော်တော်အခြေခိုင်လာပြီ။ အခု ဒီကာလလေးသည် ကြိုတင်ပြင်ဆင်ရေးကာလရဲ့ capacitiy campaign လူထုကို ဆင်းပြီး ပညာပေးရမယ့်ကာလ။ ဟာ မေးခွန်းတွေက ဘယ်လိုဟာမျိုးတွေ မေးမယ်ဟေ့။ ပူးပေါင်းဆောင်ရွက်ကြဟေ့။ ကြောက်စရာမလိုဘူး။ ဒီဥစ္စာက ခင်ဗျားတို့ရဲ့ အကျိုးစီးပွားအတွက် သာ ဆောင်ရွက်နေတာ။ နားလည်အောင် ပြည်သူကို ရှင်းပြရမယ့် ကာလဖြစ်နေတယ်။ နိုင်ငံမှာ ကျေးရွာပေါင်းက ခြောက်သောင်းလေးထောင်ရှိတော့ ဒါတွေ ကျနော်တို့ ကလေးစကားပြောရင်တော့ အသားကုန် လိုက်ပြောပြီးတော့ ရှင်းပြနေတာပေါ့ဗျာ။ ဒါပါ။ နိုင်ငံခြားမှာ တရားဝင်ရောက်နေတဲ့သူတွေအားလုံးကတော့ သံရုံးမှာ အခွန်ဆောင်တာ ရှိတယ်လေ။ ဆယ်ရာခိုင်နှုန်း။ သံရုံးတွေကနေ စာရင်းရတယ်။ တချို့တွေကျလည်း တရားမ၀င် လာတာလည်း ရှိရင်ရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က သက်ဆိုင်ရာ အိမ်ထောင်စုမှာ ကောက်တာကိုး။ ဗမာပြည်မှာရှိတဲ့ ခုနပြောသလို အိမ်ခြေ (၁၅၀) မှာ တစ်ကွက် ။ တစ်ကွက်မှာ တစ်ယောက်ဆင်းကောက်တော့ အဲဒီမှာမေးတဲ့ မေးခွန်း လေးဆယ်မှာ - ကျနော် မေးခွန်းနံပါတ်အတိအကျမမှတ်မိဘူး လေးဆယ်မှာ အဲဒါတွေပါတယ်။ ဆိုပါစို့ ခင်ဗျားသားက ဘယ်မှာရောက်နေလဲ။ အဲ ကျနော့်သားကတော့ ယိုးဒယားရောက်နေတယ်။ ဘယ်ရောက်နေတယ် စသဖြင့် ဒီဥစ္စာသည် သူ့ရဲ့ရာဇ၀တ်မှု နောက်ကြောင်းနဲ့ ဘာမှလည်း မဆိုင်ဘူး။ ဒီဥစ္စာက တရားဥပဒေအရ သူ့ကို ခိုးသွားလည်း အရေးယူမှာမဟုတ်ဘူး၊ အဲဒီအလုပ်က ကျနော်တို့ အလုပ်လည်း မဟုတ်ဘူး။ ကျနော်တို့က ကိုယ့်လူတွေ ဘယ်နိုင်ငံမှာ ရှိသလဲဆိုတာ ကောက်တာ။ အဲဒီတော့ ဥပမာ ပြောလို့ရှိရင် ဒီတစ်ကယ်လုပ်မယ့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာလုပ်မယ့်လုပ်ငန်းကြီးသည် အဆင်ပြေ၊ မပြေကို ပိုင်းလော့လုပ်ရတယ် စမ်းသပ်ပေါ့။ ပိုင်းလော့စမ်းသပ်ချက်ကို တနှစ်တိတိလုပ်တော့ ပြီးခဲ့တဲ့ ၂၀၁၃ မတ်လ ၃၀ မှာ ဧပြီလ ၁၀ ရက်နေ့ထိ ပိုင်းလော့ လုပ်ပြီးပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်တယ်။ တပြည်လုံးကြီးတော့ မဟုတ်ဘူးပေါ့။ တပြည်လုံးမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ မြို့နယ်န ၂၀ ရွေးပြီး ကောက်လိုက်တယ်။ ကောက်လိုက်တဲ့အခါမှာ ဘာသွားပေါ်လဲဆိုတော့ ကောက်တဲ့နှစ်ဆယ်မှာ ကျုပ်တို့ဆီမှာ ရှိတဲ့လူတွေမှာ အများစုသည် ယိုးဒယားကို သွားနေတယ်။ အနည်းစုသည် အမေရိကားကို သွားနေတယ်။ ယောက်ကျားလေးနဲ့ မိန်းခလေးမှာ ယောက်ကျားလေး တော်တော်များများ သွားနေတယ်။ အဲဒီအချက်တွေပေါ်တယ်။ အဲဒီအိမ်မှာ အိမ်ထောင်ဦးစီးရဲ့ ပြောကြားချက်ကိုပဲယူမယ်။ ခိုးလမ်းကသွားတာလား တရားဝင်သွားတာလား ကျနော်တို့ မသိဘူး။ ကျနော်တို့ ဥပဒေမှာကိုက ဒီဥစ္စာက confidential (အတွင်းရေးကိစ္စ) ပဲ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024