Homeမြန်မာသတင်းပေါင်မြို့တွင် နေအိမ်ဖောက်ထွင်းခံရ
မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်း၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ နေအိမ်တစ်လုံးမှာ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက အိမ်ရှင် မရှိခိုက် ဖောက်ထွင်းခံခဲ့ရတယ်လို့ သိရပါတယ်။
နေအိမ်ဖောက်ထွင်းခံရမှုကြောင့် ရွှေ ၇ ကျပ်သားခန့်နဲ့ ငွေစက္ကူတချို့ ပါသွားတယ်လို့ အိမ်ရှင်ဖြစ်သူ ဒေါ်အေးကြည်က ပြောပါတယ်။
"မနက်က အဒေါ်တို့မိသားစုတွေ ရွာထဲကနာရေးအိမ်ကို သွားနေတုန်း အခုလို ဖောက်ထွင်းခံရတာပါ။ အနောက်ဘက်ပြတွင်းပေါက်တံခါးက စတီးတိုင်ချောင်းကိုချိုးပြီး ဝင်ထားတာတွေ့ရတယ်။ ပြီးတော့ အိမ်ရှေ့ဘီဒိုထဲက ရွှေ ၇ ကျပ်သား၊ ပိုက်ဆံ ၁ သောင်းနဲ့ ဟန်းဖုန်း ၁ လုံးပါသွားတယ်။ ပတ်ဝန်းကျင်က ပြောတာက အဒေါ်တို့မလာခင်လေးဘဲ အသက် ၃၈ နှစ်လောက်အရွယ် အသားမဲမဲနဲ့ အရပ်ပုပုလူတစ်ယောက် ခြံထဲကထွက်သွားတယ်လို့ပြောတယ်။ အခုအဲ့ဒီဖုန်းနံပါတ်ကိုဖုန်းခေါ်တော့ ဖုန်းကိုင်ပြီး ဘာမှပြန်မပြောဘူး။"
အခုလို ဖောက်ထွင်းတာဟာ အပြင်လူမဖြစ်နိုင်ဘဲ အတွင်းလူဖြစ်နိုင်တယ်လို့ မိုးနိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘရှင်းက ပြောပါတယ်။
"ဒီလိုဖောက်ပြီး ဝင်မွှေတယ်ဆိုတာက အပြင်လူစိမ်း မဖြစ်နိုင်ဘူး။ အိမ်ကိုအဝင်အထွက်ရှိတဲ့သူပဲ ဖြစ်မယ်။ အခုကလည်း ကိုဗစ်ကာလ လူတွေစီးပွားရေးအဆင်မပြေတော့ အခုလိုလူမရှိတုန်း ဝင်ခိုးတာတွေ ရှိလာတယ်။ အဓိကကတော့ အိမ်တစ်အိမ်မှာ အနည်းဆုံးလူတစ်ယောက်ကတော့ စောင့်နေသင့်တယ်။ ဒါမှမဟုတ်လည်း အဖိုးတန်ပစ္စည်းတွေကို ကိုယ်နဲ့တစ်ပါတည်း ယူဆောင်သွားစေချင်တယ်” လို့ ပြောပါတယ်။
အိမ်ရှင်တွေမရှိခိုက် နေအိမ်ဖောက်ထွင်းကာ ရွှေထည်တွေကို ယူဆောင်သွားတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။
မိုးနိုင်းရပ်ကွက်၊ မြိုင်သုခလမ်းရှိ နေအိမ်တလုံးမှာလည်း ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁ ရက် ညပိုင်းက ငွေကျပ်သိန်း ၂၀၀ လောက်နဲ့ ရွှေ ၈ ကျပ်သားလောက် ဖောက်ထွင်းခံခဲ့ရဖူးတယ်လို့ သိရပါတယ်။
ယူမင်းစိုး