Homeမြန်မာသတင်းရှမ်းပြည်နယ် အစိုးရရုံးမှ စာပေးစာယူဌာနကဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး စာပေးစာယူဌာနက ဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
ဝန်ထမ်း ၁ ဦး အနံ့မရလို့ စစ်ဆေးတာ ရောဂါပိုးမတွေ့ဘဲ သူနဲ့ထိတွေ့တဲ့သူ ၅ ဦးကို စစ်ဆေးရာမှာ ၁ ဦးက ရောဂါပိုးတွေ့ရှိတာလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက ပြောပါတယ်။
“မနေ့က အဲ့ဒီ အနံ့ပျောက်တဲ့ တစ်ယောက်လာတာပေါ့။ သူ့ကို စစ်လိုက်တော့ သူကတော့ negative၊ ဒါပေမယ့် သူ့ရုံးက ၅ ယောက် ထပ်စစ်လိုက်တာ တစ်ယောက်က positive တွေ့တယ်။ ထိတွေ့သူတွေကို သူ့ရုံးက စာရင်းလုပ်ပြီးစစ်မှာ negative ထွက်တဲ့သူကိုလည်း PCR နဲ့ ပြန်စစ်ဖို့ရှိတယ်။”
ထိတွေ့သူတွေထဲ ရောဂါပိုးတွေ့ရှိသူများပါက တရုံးလုံးကို စစ်ဆေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
စာပေးစာယူက ပိုးတွေ့ဝန်ထမ်း ၁ ဦးဟာ အခြားဌာနနဲ့ ထိတွေ့သူမရှိဘဲ ရုံးက ဝန်ထမ်းနဲ့သာ ထိတွေ့မှုရှိတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ ပိုးတွေ့လူနာတွေများပေမယ့် သေဆုံးမှု နည်းပါးပြီး ပြန်ကောင်းသွားကြတယ်လို့ ဒေါက်တာ ဇဝနကိုက ပြောပါတယ်။
“ရှမ်းတောင်မှာ သိသလောက်ကတော့ positive ထွက်တဲ့ လူနာက လူငယ်လူရွယ်သွားလာလှုပ်ရှားတဲ့သူတွေပဲများတယ်။ ရောဂါအခံရှိသူ သက်ကြီးတဲ့သူတွေက အပြင်သိပ်မထွက်ဘူး၊ အိမ်မှာပဲနေကြတော့ ကူးစက်ခံရတာနည်းတယ်။ အပြင်အထန်ဖြစ်တာလည်းနည်းတယ်။ အဲ့ဒါကြောင့် သေဆုံးတာမရှိသလောက်ဖြစ်တာပေါ့၊ ဆေးရုံရောက်လို့ အောက်စီဂျင်ပေးရတာတော့ရှိတယ် ဒါပေမယ့် ပြန်ကောင်းသွားကြတယ်”
တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံမှာ မနေ့ကထိ ဆေးရုံတက်လူနာ ၆၀ ရှိပေမယ့် ညနေပိုင်းမှာ အယောက် ၃၀ ပြန်ကောင်းလို့ ဆေးရုံကဆင်းခွင့်ရရှိပြီး ၃၀ ဝန်းကျင်သာဆေးရုံမှာ ဆေးကုသမှု ခံယူနေတာလို့ သိရပါတယ်။
ခွန်ရာဇာ