Home
မြန်မာသတင်း
မုံရွာမြို့ Fever Clinic ဆေးခန်းကို ရက်တိုးမြင့်ဖွင့်လှစ်
DVB
·
January 8, 2021
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီရုံးစိုက်ရာ လူငယ်စင်တာမှာ ဖွင့်လှစ်ထားတဲ့ မုံရွာမြို့ရဲ့ Fever Clinic ဆေးခန်းကို အခုရက်ပိုင်းအတွင်း အနံ့ပျောက်လို့ လာရောက်ပြသူတွေ များလာလို့   ဆေးခန်းဖွင့်ရက်ကို တိုးမြှင့်ဖွင့်လှစ်ထားပါတယ်။ "ဟုတ်ကဲ့ Fever Clinicဆေးခန်းကို အခုရက်ပိုင်းအတွင်း အနံ့ပျောက်လူနာတွေများလို့ ဆေးခန်းဖွင်ရက်ကို တစ်ပတ် ၅ ဖွင့်တာကနေ ၆ အထိ တိုးမြှင့်ဖွင်လှစ်လိုက်ရတာပါ”လို့ စစ်ကိုင်းတိုင်း လူငယ်ရေးရာကော်မတီ ဦးဟိန်းမင်းထက်က ပြောပါတယ်။ Fever Clinic ဆေးခန်းကို ဒုတိယအကြိမ်အဖြစ် စက်တင်ဘာလ ၂၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်အထိ လာရောက်ပြသသူ ၃၄၄ ဦးရှိကာ အဲဒီထဲက ပိုးတွေ့လူနာ ၁၀ ဦးအထိ ရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီရဲ့ စာရင်းတွေအရ သိရပါတယ်။ "Fever Clinic ဆေးခန်းမှာ အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးပေးတဲ့နေရာလို့ ထင်နေကြတယ်။ အဓိကကတော့ ကားသမားတွေရယ်၊ ကိုယ့်ကိုယ်ကိုယ် သံသယရှိလို့လာကြတယ်။ သူတို့က ကျနော်တို့ကို ကိုဗစ်ရောဂါရှိမရှိစစ်ဆေးပေးပို့၊ ခရီးသွားချင်သူဆို ကိုဗစ်ရောဂါပိုးမရှိကြောင်း ထောက်ခံစာရေးပေးဖို့ အတင်အကြပ်ခိုင်းတာတွေနဲ့ လည်း ကြုံရတယ်”လို့ ဦးဟိန်းမင်းထက်က ပြောပါတယ်။ အဲဒီ Fever Clinic ဆေးခန်းကို မုံရွာမြို့ ဒေါနခြံရပ်ကွက် လူငယ်စင်တာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး တနင်္ဂနွေနေ့တစ်ရက်တည်းဆေးခန်းပိတ်မှာဖြစ်ကာ ကျန်နေ့တွေမှာ မနက် ၉ နာရီက နေ့လယ် ၁၁ နာရီအချိန်ထိ ဖွင့်လှစ်ကုသပေးနေပါတယ်။ ကိုဗစ်ပထမလှိုင်းကာလအတွင်း Fever Clinic ဆေးခန်းကို မေလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ရောဂါကူးစက်မှုတွေကျဆင်းသွားတဲ့အတွက် ဇူလိုင်လ ၂ ရက်နေ့မှာ ခေတ္တခဏ ရပ်နားထားခဲ့ပါတယ်။ တစ်ကျော့ပြန်လည် ကူးစက်မှုနှုန်း မြင့်မားလာတဲ့အတွက် စက်တင်ဘာ ၂၁ ရက်နေ့က Fever Clinic ကိုပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Fever Clinic Monywa ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့အတူ ဆရာဝန်များအသင်း (မုံရွာ)၊ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ SAVE MONYWA နဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့က ပူးပေါင်းပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ အသက်ရှုကြပ်တာတွေအပြင် သာမန်ဖျားနာတာတွေအတွက် ဖွင့်လှစ်ထားတာဖြစ်ပြီး ဆေးခန်းမှာ အခမဲ့ လက်ခံကုသပေးနေတာပါ။ ဆေးခန်းပြလိုသူတွေအနေနဲ့ Hotline Number 09-660010000 သို့ ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းရမှာဖြစ်ကာ မပြခင်နေ့ မနက် (၈) နာရီကနေ (၁၂) နာရီနှင့် ညနေ (၄) နာရီကနေ ည (၉) နာရီထိ ကြိုတင် စာရင်းပေးနိုင်မှာလည်းဖြစ်ပါတယ်။ မုံရွာမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ဇန်နဝါရီ ၆ ရက်အထိ  ၁၈၂၁ ဦး အထိရှိပြီဖြစ်ပါတယ်။ သတင်း - ကျော်မင်းသန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024